DVB Logo
Home
မြန်မာသတင်း
ပင်လယ်ဒီရေတက်ပြီး စက်စဲနှင့် ရေးမြို့နယ်တွင် အိမ် ၄၀ ကျော်ပြိုကျပျက်စီး
DVB
·
September 30, 2023
ပင်လယ်ဒီရေတက်ပြီး စက်စဲနှင့် ရေးမြို့နယ်တွင် အိမ် ၄၀ ကျော်ပြိုကျပျက်စီး
Donate to DVB

မွန်ပြည်နယ်၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ ဒီမနက်ပိုင်းက ဒီရေတက်ပြီး ရေထိန်းနံရံနဲ့ လူနေအိမ် ၄၀ ကျော်ပြိုကျခဲ့ပါတယ်။

သံဖြူဇရပ်မြို့နယ်၊ စက်စဲကမ်းခြေအနီးမှာ စက်တင်ဘာ ၃၀ ရက် ဒီမနက်အစောပိုင်းက ဒီရေတက်လာတာကြောင့် ကမ်းခြေရေထိန်းနံရံနဲ့ လူနေအိမ် ၂၄ လုံး ပြိုကျပြီး လူ ၁၁၀ ပြောင်းရွှေ့ခဲ့ရတယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။ 

မနက်အစောပိုင်း ၁၂ နာရီကျော်က ကမ်းခြေတလျှောက် ဒီရေတက်လာတာဖြစ်ပြီး ကမ်းစပ်အနီးဆောက်ထားတဲ့ အိမ်တွေနဲ့ ရေထိန်းနံရံကို ရေတိုက်စားခံခဲ့ရတာ ဖြစ်ပါတယ်။ 

မြို့ခံကယ်ဆယ်ရေးအသင်းဝင်တယောက်က “ဒီရေအတက်အကျက တနေ့ကို ၄ ကြိမ်ရှိတယ်။ ညဦးပိုင်း ၁၂ နာရီကျော်လောက်က ရေတအားတက်လာတဲ့အချိန် ဖြစ်တာ။ ရေရော လေရောပါတယ်။ အတက်အကျက ၆ နာရီကြာတယ်။ အိမ်က အားလုံးပေါင်း ၂၄ လုံး။ ကမ်းရိုးတန်းဘက်မှာ ထိခိုက်တာတွေ ရှိတယ်။ ပြိုသွားတဲ့အိမ်တွေမှာ ကျား၊ မ၊ ကလေး စုစုပေါင်း လူ ၁၁၀ ရှိတယ်” လို့ ပြောပါတယ်။

ဒီရေတက်တာအပြင် လေပြင်းတိုက်ခတ်ခံရတာကြောင့် ထရံကာဝါးအိမ်တွေ ပြိုကျခဲ့တာလို့ ဆိုပါတယ်။

အဲဒီနေရာကို သံဖြူဇရပ်မြို့နယ်၊ အရန်မီးသတ်တပ်ဖွဲ့နဲ့ အရပ်ဘက်အသင်းတွေက ပူးပေါင်းကယ်ဆယ်ပေးခဲ့ကြပြီး နောက် ၂ ကြိမ်လောက် ဒီရေ ထပ်တက်လာ နိုင်တာကြောင့် အိမ်တွေထပ်ပြိုကျနိုင်တဲ့ အခြေအနေရှိတယ်လို့လည်း ကယ်ဆယ်ရေးအသင်းတွေက သတိပေးထားပါတယ်။

ရေးမြို့နယ်၊ အောက်ဆိပ်ကျေးရွာ ကုလားကုတ်ကျွန်းမှာလည်း ဒီမနက် ၉ နာရီခွဲလောက်က မိုးသည်းသည်းမည်းမည်းရွာပြီး ပင်လယ်ရေလှိုင်းရိုက်ခတ်လို့ နေအိမ် ၂၃ လုံးနဲ့ ငါးလှန်းစင် တချို့ ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိပါတယ်။  

ကုလားကုတ်ကျွန်းမှာ နေထိုင်သူတယောက်က “အိမ်တွေက ပင်လယ်ကမ်းစပ်နဲ့ နီးတာလည်းပါတယ်။ ရေကလည်း အရင်နှစ်တွေထက် ၂ ပေကျော်လောက် တက်လာတယ်။ ပင်လယ်က လှိုင်းခတ်တော့ အကုန်ပြိုတာ” လို့ ပြောပါတယ်။  

ပြိုကျပျက်စီးခဲ့တဲ့ နေအိမ်တွေဟာ ဓနိမိုး၊ ဝါးထရံကား လူနေတဲအိမ်တွေဖြစ်ပြီး လတ်တလောမှာ ကယ်ဆယ်ရေးအသင်းအဖွဲ့တွေ အကူအညီနဲ့ ဘေးလွတ်ရာကို ယာယီရွှေ့ပြောင်းပေးထားတယ်လို့ ဆိုပါတယ်။  

ကုလားကုတ်ကျွန်းပေါ် နေထိုင်သူတွေဟာ ပင်လယ်ကိုအမှီပြုပြီး တံငါလုပ်ငန်း လုပ်ကိုင်သူတွေဖြစ်ပြီး ငါးလှန်းစင်တချို့ ပျက်စီးခဲ့တာကြောင့် ပြန်လည်ပြုပြင်ဖို့ အခက်အခဲတွေရှိတယ်လို့  ဒေသခံတွေက ပြောပါတယ်။  

စက်တင်ဘာ ၃၀ ရက်နေ့   မိုးလေဝသခန့်မှန်းချက်အရ မွန်ပြည်နယ်အတွင်း  မိုးကြီးနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ လှိုင်းအမြင့် ၈ ပေကနေ ၁၁ ပေခန့် ရှိနိုင်တယ်လို့ မိုးဇလ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013