
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်လာလို့ စက်တင်ဘာ ၂၈ ရက်နေ့က စတင်ပြီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က အယောက် ၄၀ ကျော်ထိခိုက်သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတယောက်က “၂ နေရာမှာ အဓိက ဖြစ်တာ။ ကျောင်းသစ်ကျောင်းရွာ အဝင်မိုင်းကွင်းမှာ မိုင်းဆွဲခံရတာပြီးတော့ အဲဒီမှာပဲ အပိုင်ပစ်ရတာ။ စကစဘက်က ၄၀ ကျော်လောက် ထိခိုက်သေဆုံးခဲ့တယ်။ တော်လှန်ရေး ပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်တာ ၃ ယောက် ရှိတာ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။
တိုက်ပွဲက ပြင်းထန်လာတာနဲ့အမျှ လက်နက်ခဲယမ်းတွေက မလုံလောက်ဖြစ်လာပြီး မြေပြင်အခြေအနေအရ စစ်ကောင်စီဘက်ကလည်း တိုက်ခိုက်ရေးအားကောင်းနေတုန်း ဖြစ်တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ပုဇွန်မြောင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင် တာဝန်ရှိသူက ပြောပါတယ်။
ညောင်လေးပင်မြို့နယ်မှာ စက်တင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းက စလို့ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုဇွန်မြောင်းရွာဘက်ကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဝင်လာလို့ တိုက်ပွဲ စတင်ခဲ့ပြီး စက်တင်ဘာ ၂၉ ရက် ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့တာပါ။
ဒါ့အပြင် ပုဇွန်မြောင်းကျေးရွာအနီးတဝိုက်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေသလို တိုက်ပွဲတွေကြောင့် ပုဇွန်မြောင်းကျေးရွာ အပါအဝင် ဆွဲဒလွဲ ကျေးရွာအုပ်စုထဲက ကျေးရွာနေဒေသခံ ထောင်နဲ့ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ် လို့ ဒေသခံတွေဆီကနေ သိရပါတယ်။











