DVB Logo
Home
နိုင်ငံတကာ
ပူတင် တရုတ်နိုင်ငံသွားမည်၊ အီရန်ကို လက်နက်မပေးရန် ထရမ့်ပ်က ရှီကျင့်ဖျင်ကို တောင်းဆို
DVB
·
April 16, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ရုရှားသမ္မတ ဗလာဒီမာပူတင်က တရုတ်နိုင်ငံဆီ သွားလည်ပတ်မှာဖြစ်ပေမဲ့ အခုအချိန်အထိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တရုတ်မှာတွေ့ဖို့ အစီအစဉ် မရှိသေးဘူးလို့ ရုရှားသမ္မတနန်းတော် ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပဲ့စ်ကို့ဗ်က ဧပြီ ၁၅ ရက်မှာ ပြောပါတယ်။

“တရုတ်နိုင်ငံဟာ ကျနော်တို့ရဲ့ အထူးအခွင့်အရေးနဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ပါ။ ခရီးစဉ်နဲ့ အဆင့်မြင့် ဆက်သွယ်မှုတွေကို လက်ရှိမှာ စီစဉ်နေပါတယ်။ ဒီဆက်သွယ်မှုတွေရဲ့ ရက်စွဲတွေကို ကျနော်တို့ ချက်ချင်းအသိပေးပါမယ်” လို့ ပဲ့စ်ကို့ဗ်က ပြောပါတယ်။

တရုတ်နိုင်ငံမှာ ပူတင်နဲ့ ထရမ့်ပ်တို့ တွေ့ဆုံနိုင်ခြေနဲ့ ပတ်သက်ပြီး လောလောဆယ်မှာ အဲဒီလို အစီအစဉ် မရှိပါဘူးလို့လည်း သူက ပြောခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်သမ္မတ ရှီကျင့်ဖျင်ဆီကို အီရန်ကို လက်နက်မပေးဖို့ စာတစောင်မှာ တောင်းဆိုခဲ့တယ်လို့ Fox Business Network (FBN) က ဧပြီ ၁၅ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ အင်တာဗျူးမှာ ပြောပါတယ်။

တရုတ်က အီရန်အစိုးရကို ထောက်ပံ့တာ မဟုတ်ဘူးလို့ ရှီကျင့်ဖျင်က ပြန်ဖြေခဲ့တယ်လို့လည်း ထရမ့်ပ်က ပြောပါတယ်။

ဧပြီ ၁၄ ရက်မှာ ရိုက်ကူးထားတဲ့ အင်တာဗျူးမှာ ထရမ့်ပ်က စာတွေ ဘယ်အချိန်မှာ ဖလှယ်ခဲ့တယ်ဆိုတာ မပြောခဲ့ပါဘူး။

ပြီးခဲ့တဲ့အပတ်က အီရန်ကို လက်နက်ထောက်ပံ့ရင် နိုင်ငံတွေကို ၅၀ ရာခိုင်နှုန်း အခွန် ချက်ချင်းကောက်ခံမယ်လို့ ထရမ့်ပ်က ခြိမ်းခြောက်ခဲ့ပါတယ်။

ထရမ့်ပ်က “ကျနော် သူ့ကို အဲဒီလိုမလုပ်ပါနဲ့လို့ စာရေးပြီး ပြောတယ်။ သူကလည်း အခြေခံအားဖြင့် သူ အဲဒီလို မလုပ်ပါဘူးလို့ စာရေးပြီး ပြောတယ်” လို့ FBN ရဲ့ "Mornings with Maria" အစီအစဉ်မှာ ပြောပါတယ်။

“သူတို့ လိမ္မာပါးနပ်ရင် မကြာခင် ပြီးဆုံးသွားလိမ့်မယ်။ သူက ရေနံလိုအပ်တဲ့သူပါ။ ကျနော်တို့မှာ မရှိပါဘူး” လို့ ထရမ့်ပ်က ပြောပါတယ်။

အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးကွက်မှာ ဖြစ်လာတဲ့ အပြောင်းအလဲတွေနဲ့ ဗင်နီဇွဲလားမှာ အပြောင်းအလဲတွေက နောက်လမှာ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ သူ့ရဲ့ အစီအစဉ်အပေါ် သက်ရောက်မှု ရှိမယ်လို့ မမျှော်လင့်ဘူးလို့လည်း ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013