DVB Logo
Home
မြန်မာသတင်း
မင်းလှမြို့နယ်ရှိ ရွာ ၅ ရွာကို စစ်တပ်က လက်နက်ပြီးပစ်ခတ်ပြီး ဖယ်ရှားခိုင်း
DVB
·
September 29, 2023
မင်းလှမြို့နယ်ရှိ ရွာ ၅ ရွာကို စစ်တပ်က လက်နက်ပြီးပစ်ခတ်ပြီး ဖယ်ရှားခိုင်း
1 / 3
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမအစပ်မှာရှိတဲ့ ကျေးရွာ ၅ ရွာက ရွာခံပြည်သူတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ဖယ်ရှားခိုင်းနေတယ်လို့ ရွာခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

စက်တင်ဘာ ၂၇ ရက်ကစတင်ပြီး စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးနဲ့ ကျေးရွာအတွင်း ပစ်ခတ်ပြီးမှ ကျေးရွာလူကြီးတွေကို ခေါ်ဆောင်ပြီး ၃ ရက်အတွင်း ရွာက အပြီးထွက်သွားကြဖို့ သတိပေး ပြောဆိုခဲ့တာလို့ ဆိုပါတယ်။

ရွာခံတဦးက “သူတို့(စကစ)စစ်ကြောင်းက ရွာဘက်တွေကို မနက်မိုးမလင်းခင် ထုတယ်။ လက်နက်ကြီးနဲ့ပစ်ပြီးမှ ရွာတွေထဲကို စစ်ကြောင်းက ဝင်လာတာ။ ရွာလူကြီးကိုခေါ်ပြီး ဘုန်းကြီးကျောင်းက သံဃာတွေရော ရွာခံတွေရော ၃ ရက်အတွင်း ရွာထဲက အပြီးထွက်သွားရမယ်လို့ အမိန့်ပေးတယ်။ သူတို့ လက်နက်ကြီးနဲ့ စပစ်တည်းက ရွာခံတွေ နီးစပ်ရာမြို့တွေကို ရှောင်နေကြရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပဲခူးရိုးမအစပ်ရှိ ဗိုလ်ရုံ၊ ပျဉ်းကတိုးခင်း၊ ဟိုင်းယုလမ်းပေါက်၊ ဝါးယား၊ ဟိုင်းဟုကျေးရွာက ရွာခံတွေနဲ့ ကျေးရွာရှိ ဘုန်းကြီးကျောင်းက သံဃာတွေကို ၃ ရက်အတွင်း ဖယ်ရှားပေးရမယ်လို့ စစ်ကောင်စီစစ်ကြောင်းက သတိပေး ဖယ်ရှားခိုင်းတာလို့ ဆိုပါတယ်။

အခုလို လက်နက်ကြီးနဲ့ပစ်ခတ် ဖယ်ရှားခိုင်းနေတဲ့အတွက် ကျေးရွာ ၅ ရွာက ရွာခံ ၁,၀၀၀ ကျော်နဲ့ သံဃာတွေ နီးစပ်ရွာမြို့တွေကို တိမ်းရှောင်နေကြရပြီး တချို့မှာ ပဲခူးရိုးမအတွင်း ထွက်ပြေးတိမ်းရှောင်နေရလို့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတဲ့ ပဲခူးရိုးမအစပ်မှာရှိတဲ့ ကျေးရွာတွေက ရွာခံတွေဟာ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ သတင်းပေးပို့တယ်ဆိုပြီး အခုလိုလုပ်ဆောင်နေတာလို့ သိရပါတယ်။

သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂ တာဝန်ရှိသူက “စစ်ကြောင်းက ရိုးထဲထိုးနေတာ၊ သတင်းပေါက်ကြားမှာစိုးလို့ အခုလိုလုပ်တာ။ ရိုးမထဲကရွာတွေက PDF တွေကို အားပေးကူညီတယ်ဆိုပြီး စစ်ရှောင်ခိုင်းနေတာ။ ရွာထဲကအိမ်တွေမှာ လူမရှိတော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

စက်တင်ဘာ ၂၃ ရက်ကလည်း ပဲခူးရိုးမအတွင်း စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးကာ PDF ၁ ဦး ကျဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂ က သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013