
ကရင်ပြည်နယ် ကမမောင်း-ဖာပွန်ကားလမ်းပေါ်က ဖားလုံးကြီးနဲ့ ဖားလုံးလေးကြား စစ်ကြောင်းထိုးနေတဲ့ စစ်အာဏာရှင်စစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ ဩဂုတ် ၁၉ ရက်က တိုက်ပွဲဖြစ်ပွားလို့ စစ်တပ်ဘက်က ၉ ယောက် ဒဏ်ရာရပြီး လက်နက် ၃ လက် ရရှိခဲ့တယ်လို့ KNLA တပ်မဟာ ၅၊ မူတြော်ခရိုင်(ပြောခွင့်ရ) ပဒိုစောထိုရော်ဘင်က ပြောပါတယ်။
စစ်အာဏာရှင်တပ်က မေ ၅ ရက်ကစပြီး စစ်ရေးအရ မဟာဗျူကျတဲ့ ဖာပွန်ဗျူဟာမကျရေးနဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေး လူအင်အား ၂,၀၀၀ နီးပါးနဲ့ ဖာပွန်ကားလမ်းမကြီး အရှေ့နဲ့ အနောက်ဘက်ကနေ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုးနေတာပါ။
စစ်တပ်စစ်ကြောင်းတွေ ၃ လကျော် ကြာမြင့်လာတဲ့အထိ ဖာပွန်မြို့ကို မရောက်ရှိသေးဘဲ မိုင် ၂၀ လောက်သာ လိုတော့တဲ့ ဖားလုံးကျေးရွာကို ဩဂုတ် ၃ ရက်က ရောက်ရှိပြီး ရှေ့ဆက်မတိုးနိုင်ဘဲ KNLA ပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခံနေရပါတယ်။
KNLA ၅၊ မူတြော်ခရိုင် ပြောခွင့်ရသူ ပဒိုစောထိုရော်ဘင်က “တိုက်ပွဲဖြစ်တာကတော့ ရင်ဆိုင်တိုက်ပွဲလို့ ပြောရမယ်။ တိုက်ပွဲဖြစ်တာ ဩဂုတ်လ ၁၉ ရက်နေ့က ကျနော်တို့တပ်ဖွဲ့ဘက် ချီတက်ပြီး နေရာရှင်းလင်းတာ လက်နက် ၃ လက် ရရှိတယ်။ တိုက်ပွဲဖြစ်တာတော့ များတယ်။ အပေါ်ဘက်မှာဖြစ်လိုက် အောက်ဘက်မှာဖြစ်လိုက် အဲဒီ လမ်းကြောင်းတလျှောက်ပဲ။ တိုက်ပွဲမှာ ဘယ်လိုသေ ဒဏ်ရာဘယ်လောက်လဲဆိုတာ ဒီ ၂၀ ရက်နေ့မှာကျတော့ အုန်းတောဘက်မှာ လူနာ ၉ ယောက် ဆေးရုံပို့တာ သတင်းရရှိတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်အာဏာရှင် စစ်ကြောင်းတွေက ပြည်သူလူထုနဲ့ ကျေးရွာတွေကို ဒုက္ခပေးနေတာကြောင့် ပြည်သူလူထုအတွက် အထိရောက်ဆုံး ကာကွယ် တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
ဩဂုတ် ၁၆ ရက်က ကမမောင်း-ဖာပွန် လမ်းကြောင်းပေါ် လမ်းလုံခြုံရေးယူနေတဲ့ စစ်တပ်စစ်ကြောင်းကို ဝါသိုးခိုနေရာအနီးမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် လက်နက် ၈ လက် ရရှိခဲ့ပြီး ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ တပ်မဟာ၅ တာဝန်ရှိသူဆီက သိရပါတယ်။
အောင်ခန့်











