
မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ အထွေထွေအတွင်းရေးမှူး မာ့ခ် ရူတေက NATO မဟာမိတ်အဖွဲ့ဟာ ဘက်ပေါင်းစုံမှာ အန္တရာယ်တွေ အများကြီးနဲ့ ရင်ဆိုင်နေရတယ်လို့ ဧပြီ ၂၂ ရက်မှာ ပြောပါတယ်။
ရူတေက “ကျနော်တို့ ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေက အလွန်ကြီးပါတယ်။ အာတိတ်ဒေသကနေ မြေထဲပင်လယ်အထိ၊ အာကာသကနေ ပင်လယ်ကြမ်းပြင်အထိ၊ ဒုံးကျည်တွေ ဒရုန်းတွေကနေ ခေတ်မီ ဆိုက်ဘာတိုက်ခိုက်မှုတွေအထိပါပဲ” လို့ ပြောပါတယ်။
ယူကရိန်းအပေါ် ရုရှားရဲ့စစ်ပွဲက ဆက်ဖြစ်နေတုန်းပဲ။ တရုတ်ရဲ့ စစ်ရေးခေတ်မီအောင် လုပ်ခြင်းနဲ့ နျူကလီးယား ချဲ့ထွင်ခြင်းတို့ကလည်း ဆက်ဖြစ်နေပါတယ်။ အီရန်ကတော့ အကြမ်းဖက်မှုနဲ့ ဆူပူမှုတွေကို ဖြန့်ကြက်နေတယ်လို့ ရူတေက ထပ်ပြောပါတယ်။
တူရကီခရီးစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် တူရကီရဲ့ ထိပ်တန်း လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ အာဆယ်ဆန်ရဲ့ အဆောက်အအုံတွေကို လိုက်ကြည့်ပြီးတဲ့နောက် ထုတ်လုပ်မှုနဲ့ ဆန်းသစ်တီထွင်မှုဟာ NATO အတွက် အဓိကဦးစားပေးတွေ ဖြစ်တယ်လို့ ရူတေက ပြောပါတယ်။
အဖွဲ့ဝင်တွေဟာ အန်ကာရာမြို့တော်မှာ ဇူလိုင်လ ကျင်းပဖို့ စီစဉ်ထားတဲ့ ထိပ်သီးအစည်းအဝေး အပြီးမှာ ကာကွယ်ရေးအသုံးစရိတ်အတွက် တိုးမြှင့်ထည့်ဝင်ခြင်းကို ဂုဏ်ပြုမယ်လို့လည်း ရူတေက ထပ်ပြောခဲ့ပါတယ်။
Source: Reuters










