DVB Logo
Home
မြန်မာသတင်း
ဧရာဝတီနှင့် ပဲခူးတိုင်းတွင် ရေကြီးရေလျှံ၊ လယ်ဧက ထောင်သောင်းချီ နစ်မြုပ်
DVB
·
August 6, 2014
ဧရာဝတီနှင့် ပဲခူးတိုင်းတွင် ရေကြီးရေလျှံ၊ လယ်ဧက ထောင်သောင်းချီ နစ်မြုပ်
1 / 7
Donate to DVB

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိုးဆက်တိုက် ရွာသွန်းတဲ့အတွက်  ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်း ဒေသကြီးထဲက မြို့နယ်တွေမှာ ရေကြီးရေလျှံ ဖြစ်ပေါ်နေပြီး လယ်မြေဧက ထောင်သောင်းချီ  နစ်မြုပ်နေပါတယ်။

နှစ်စဉ်နှစ်တိုင်း ရေဘေးနဲ့ ကြုံတွေ့ရလေ့ရှိတဲ့  ပဲခူးမြို့ ရေကြီးမှုအခြေအနေနဲ့ ပတ်သက်ပြီး ဇိုင်းဂနိုင်းရပ်ကွက်နေ  ဦးအေးမင်းဦးက အခုလို ပြောပါတယ်။

“အဓိက ကြီးတာကတော့ ဇိုင်းတောင်၊ ဇိုင်းမြောက်၊ ကျွန်းသာယာဘက်အခြမ်းတွေ အနိမ့်ပိုင်းကျတဲ့နေရာတွေမှာ  ကြီးတယ်။ ကြီးတာက ၅ ရက်လောက်ရှိသွားပြီ။ အဓိက ဆည်ရေ လွှတ်တဲ့အပေါ်မှာ ချောင်းရေနဲ့ ဆည်ရေဖောက်ပြီး တက်လာတာပေါ့။ သိပ်အဆိုးဝါးကြီးတော့ မဟုတ်သေးဘူး။ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ရတဲ့အထိတော့ မရောက်သေးဘူး။ သွားရေးလာရေး ခက်ခဲတဲ့အဆင့်လောက်ထိပဲ ရှိသေးတယ်။ မရှိဆင်းရဲသား ရပ်ကွက်တွေမှာ အဓိက ရေးကြီးနေတာ။ တချို့နေရာတွေဆို လူတရပ်မြုပ်တဲ့နေရာတွေထိ ရှိတယ်။”

ဧရာဝတီတိုင်းထဲမှာတော့ ငါးသိုင်းချောင်း၊ ဟင်္သာတ၊ ဇလွန်၊ အင်္ဂပူနဲ့ လေးမျက်နှာစတဲ့ မြို့တွေမှာ ရေကြီးနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငါးသိုင်းချောင်းမြို့မှာတော့ တမံဆည်ထားလို့ ရေမနစ်မြုပ်ပေမယ့် လယ်တွေကတော့ မစိုက်နိုင်သေးကြောင်း ဌာနဆိုင်ရာအရာရှိတဦးက ပြောပါတယ်။

“ရေကတော့ ပြန်ကျသွားပြီ။ စိုးရိမ်ရေအမှတ် အပေါ်မှာပဲ ရှိသေးတယ်။ ၄ ရက်နေ့လောက်မှာ မိုးက တောက်လျှောက်ရွာနေတဲ့အတွက် မိုးကြီးအတွက်ကြောင့်မို့လို့ တောင်ကျရေတွေများလို့ အနောက်ဘက်အခြမ်းမှာ အဲဒီမှာ ရေကြီးလို့ တံတားတွေ ကျိုးတယ်။ လောလောဆယ် ရေဘေးကာကွယ်ရေးအတွက် တာတမံကို ထိန်းထားတာကတော့ ၂၂ မိုင် ရှိတယ်။ ရေကြည်ဘက်မှာတော့ မဖြစ်ဘူးခင်ဗျ။ ရေကြည်က နည်းနည်းလေး လှမ်းတယ်။ ကျနော်တို့က အနောက်ဘက်နဲ့ နီးတဲ့အခါကျတော့ အနောက်ဘက်က မိုးများတဲ့အခါကျတော့ မိုးရေတွေကနေ တောင်ကျရေ၊ စမ်းချောင်းရေတွေ အဲဒါတွေက အရမ်းများလာတဲ့အခါကျတော့ လမ်းတွေပေါ် ကျော်ကျလာတယ်။ ထန်းတပင်တို့၊ ကွင်းကျောင်းတို့ အနောက်ဘက်အခြမ်းတွေက ရေတွေမြှုပ်နေတယ်။ အနောက်ရော အရှေ့ရော ရေတွေမြှုပ်လို့ လုပ်တွေ မစိုက်နိုင်ဘူး။”

အင်္ဂပူမြို့နယ်၊ မယ်ဇလီကုန်းမြို့မှာတော့ ၇ ပေအမြင့်လောက်အထိ ရေကြီးနေတယ်လို့ သတင်းရရှိပေမယ့် အသေးစိတ်ကိုတော့ စုံစမ်းမရခဲ့ပါဘူး။

အခုလို ရေကြီးတာဟာ မြစ်ရေကြောင့်မဟုတ်ပဲ မိုးရေကြောင့် ဖြစ်တာပါလို့  ဒေသခံတွေက ပြောပါတယ်။

သြဂုတ်လ ပထမ ၁၀ ရက်အတွက် မိုးရွာသွန်းမှုနဲ့ မြစ်ရေအခြေအနေ ခန့်မှန်းချက်ကိုတော့ နေပြည်တော် မိုးလေ၀သဌာန ဦစီးအရာရှိ ဒေါက်တာတင်မာဌေးက ဒီဗွီဘီကို အခုလို ပြောပါတယ်။

“ဘင်္ဂလားပင်လယ်အတွင်းမှာ လေဖိအားနည်းရပ်ဝန်း တကြိမ် ဖြစ်ပေါ်နိုင်ပါတယ်။ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုန်လေ အားကောင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မိုးအခြေအနေနဲ့ မိုးရွာရက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာတော့ ၈ ရက်ကနေ ၉ ရက်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း ချင်းပြည်နယ်နဲ့ ကယားပြည်နယ်မှာ ၂ ရက်နေ ၅ ရက်၊ ကျန်ပိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာတော့ ၆ ရက်ကနေ ၇ ရက် မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မြစ်ရေကြီးမှု အခြေအနေက အခုပထမ ၁၀ ရက် အပတ်ထဲကို ဧရာဝတီမြစ်ရေကို မြစ်ကြီးနား၊ ဗန်းမော်၊ ကသာမှာ ၅ ပေကနေ ၇ ပေခန့်၊ မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူနဲ့ ညောင်ဦးတို့မှာ ၃ ပေကနေ ၅ ပေခန့်၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိတ်သာ၊ ဟင်္သာတနဲ့ ဇလွန် က ၂ ပေကနေ ၃ ပေခန့် လက်ရှိ ရေမှတ်များရဲ့အထက်ကို မြင့်တက်လာနိုင်ပါတယ်။ ချင်းတွင်းမြစ်ရေက ခန္တီးနဲ့ ဟုမ္မလင်းက ၅ ပေက ၇ ပေခန့် မော်လိုက်၊ ကလေးဝနဲ့ မုံရွာက ၄ ပေကနေ ၆ ပေခန့် လက်ရှိရေမှတ်များရဲ့ အထက်ကို မြင့်တက်လာ မယ်လို့ ခန့်မှန်းထားပါတယ်။”

ဧရာဝတီတိုင်းထဲက တချို့နေရာတွေမှာဆိုရင် ရေနစ်မြုပ်နေတာ ၁ လကျော်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

[gallery ids="61694,61695,61696,61697,61698,61699,61700"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013