DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ ဇီဝဗေဒအထောက်အထား မှတ်ပုံတင်စနစ် အသုံးပြုရန် တရုတ်နိုင်ငံမှ အကူအညီယူ
DVB
·
September 27, 2023
မြန်မာနိုင်ငံ၌ ဇီဝဗေဒအထောက်အထား မှတ်ပုံတင်စနစ် အသုံးပြုရန် တရုတ်နိုင်ငံမှ အကူအညီယူ
Donate to DVB

မြန်မာနိုင်ငံမှာ ဇီဝဗေဒ အချက်အလက် မှတ်ပုံတင်စနစ်အသုံးပြုနိုင်ဖို့အတွက် စစ်ကောင်စီက တရုတ်နိုင်ငံကနေ အကူညီရယူနေတဲ့ စီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာပြည်တွင်းမှာ လူ့အခွင့်အရေး ကန့်သတ်ချုပ်ခြယ်မှု ဖိနှိပ်မှုတွေ ပိုမိုဆိုးရွားလာမှာကို လူ့အခွင့်အရေး လှုပ်ရှားသူတွေက  စိုးရိမ်နေကြပါတယ်။

စစ်ဘေးဒုက္ခကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံမှာ တနိုင်ငံလုံးအနှံ့ သန်းခေါင်စာရင်း ကောက်ယူဖို့ ပြင်ဆင်နေပြီး လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အထောက်အထားအချက်အလက်တွေကို ကွန်ပျူတာသုံး ဇီဝဗေဒအထောက်အထား မှတ်ပုံတင်စနစ်နဲ့ မှတ်တမ်းယူ စာရင်းပြုစုသွားနိုင်ရေး တရုတ်နိုင်ငံရဲ့ အကူအညီရယူဖို့ စစ်အာဏာရှင်ခန့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ဘေဂျင်းကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီခန့် ဝန်ကြီးဦးမြင့်ကြိုင်နဲ့ တွေ့ဆုံစဉ်မှာ တရုတ်လူဝင်မှုကြီးကြပ်ရေး ဒုဝန်ကြီးက စစ်အာဏာရှင်အဖွဲ့ကို အပြည့်အဝထောက်ခံအားပေးကြောင်း ဖော်ပြခဲ့ပြီး နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးအေဂျင်စီတွေ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

စစ်ကောင်စီခန့်ဝန်ကြီး ဦးမြင့်ကြိုင်ဟာ မျက်နှာဖတ် အထောက်အထားမှတ်ပုံတင်စနစ်၊ လက်ဗွေရာ၊ လက္ခဏာဖတ်အထောက်အထားမှတ်ပုံတင် စနစ် ၊ လက်ရေးအထောက်အထား၊ မော်တော်ယာဉ် နံပါတ်ပြားမှတ်ပုံတင်စနစ် အစရှိတဲ့ တရုတ်နိုင်ငံရဲ့ ဇီဝဗေဒအထောက်အထား မှတ်ပုံတင်စနစ်တွေကို အဓိကဖန်တီးထောက်ပံ့ပေးနေတဲ့ Beijing Hisign Technology ကုမ္ပဏီကိုလည်း သွားရောက်လေ့လာခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာလည်း ဦးမြင့်ကြိုင်ဟာ လျှပ်စစ်နည်းပညာသုံး အထောက်အထား e-identification စနစ်အကောင်အထည်ဖော်နိုင်ရေး ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ လေ့လာဆွေးနွေးဖို့ အိန္ဒိယနိုင်ငံ နယူဒေလီကို သွားရောက်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်အတွင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက စီးပွားရေးပိတ်ဆို့မှု ချမှတ်အရေးယူခဲ့တဲ့ထဲမှာ စစ်ကောင်စီခန့်ဝန်ကြီး ဦးမြင့်ကြိုင်လည်း ပါဝင်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ်အောက်တိုဘာလမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အိမ်ထောင်စုစာရင်း အသစ်ကောက်ခံပြီးနောက် ရွေးကောက်ပွဲပြန်လည်ကျင်းပသွားမယ်လို့ ၂၀၂၁ခုနှစ်မှာ မဲစာရင်းမှားလို့ဆိုတဲ့ အကြောင်းပြချက်တဲ့ အာဏာလုယူခဲ့တဲ့ စစ်ကောင်စီကပြောပါတယ်။

ပြီးခဲ့တဲ့နွေရာသီအတွင်းမှာ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနဟာ မြန်မာနိုင်ငံ ဒေသတချို့မှာ နိုင်ငံသားသက်တမ်း ၁၀ နှစ်အထက် သက်တမ်းရှိသူတွေနဲ့ နိုင်ငံအတွင်းမှာ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေရဲ့ လက်ဗွေရာ၊ မျက်လုံး၊ မျက်နှာတွေနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို လိုက်လံမှတ်တမ်းကောက်ယူခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို တရားလက်လွတ် အငြိုးအာဃာတနဲ့ နှိပ်စက်သတ်ဖြတ်နေတဲ့ မြန်မာစစ်ကောင်စီဟာ သန်းခေါင်စာရင်းနဲ့ ဒီဂျစ်တယ်အထောက်အထားကတ်တွေ စာရင်းပြုစုထုတ်ဝေပြီးတဲ့နောက် သူတို့အာဏာသိမ်းတာကို ဆန့်ကျင်တဲ့သူတွေအပေါ် အရင်ကထက် ဖိနှိပ်ဖြိုခွင်းလာမှာကို အတိုက်အခံတွေက ထောက်ပြဝေဖန်သတိပေးနေကြကြောင်း ဇီဝဗေဒအထောက်အထားဆိုင်ရာ အချက်အလက်နဲ့ သတင်းတွေကို စုဆောင်းလေ့လာတင်ပြနေတဲ့ biometricupdate.com မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013