DVB Logo
Home
မြန်မာသတင်း
နစ်မြုပ် အဏ္ဏ၀ါမင်း ငါးဖမ်းစက်လှေက ရေလုပ်သားများကို ရှာဖွေနေဆဲ
DVB
·
August 5, 2014
နစ်မြုပ် အဏ္ဏ၀ါမင်း ငါးဖမ်းစက်လှေက ရေလုပ်သားများကို ရှာဖွေနေဆဲ
Donate to DVB

ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့နယ်ကြား ပင်လယ်ပြင်ထဲမှာ  အဏ္ဏ၀ါမင်း  ၉ အမည်ရှိ ပုဂ္ဂလိက ငါးဖမ်းစက်လှေတစီး နစ်မြှုပ်ခဲ့ရာမှာ ရေလုပ်သား ၆ ဦး အသက်ရှင်လျက် ကယ်ဆယ်နိုင်ပေမယ့် ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေရတယ်လို့ ကျောက်ဖြူရဲစခန်းက ပြောပါတယ်။

အဏ္ဏာဝါမင်း အမှတ်  ၉  ငါးဖမ်းလှေဟာ သြဂုတ် ၂ ရက်နေ့ မွန်းလွဲပိုင်းက နစ်မြုပ်သွားတာ ဖြစ်ပါတယ်။  စက်လှေပေါ်မှာ လူ ၂၅ ဦး လိုက်ပါသွားရာမှာ  လက်ရှိ ကျောက်ဖြူမြို့ကို လူ ၆ ဦး ပဲရောက်ပြီး ၁၉ ဦး ပျောက်ဆုံးနေတယ်လို့ ကျောက်ဖြူမြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး သန်းလှိုင်က ဒီဗွီဘီကို ပြောပါတယ်။

Untitled-1 copy“စက်လှေမှောက်သွား တာက ၂ ရက်နေ့ နေ့လယ် ၁ နာရီလောက် က မှောက် တယ် ပြောပါ တယ်။ ကျောက်ဖြူမှာ အသက်ရှင်လျက် ရထားတာ ၆ ယောက်ရှိပါပြီ။ ကျန်တာကတော့ ငါးလုပ်ငန်းဦးစီးနဲ့ ဌာနဆိုင်ရာတွေက အားလုံး ကယ်ဆယ်ရေးလုပ်ငန်း လုပ်နေပါတယ်။ အခုအချိန်အထိ ၆ ယောက်ပဲ ရထားသေးပါတယ်။ သူတို့ပြောတာတော့ မျောနေတယ်ပြောတယ်။ မနေ့က ကျနော်တို့ဆီ ရောက်တာ ၅ နာရီခွဲလောက် ရှိပြီ။”

ပြန်တွေ့တဲ့ လူ ၆ ဦးဟာ အလုပ်သမားတွေ ဖြစ်ကြပြီး ရခိုင်ပြည်နယ် မင်းပြားက ၁ ဦး၊ ဟိုင်းကြီးကျွန်းက ၂ ဦး၊  ဧရာဝတီတိုင်း ကျုံပျော်က ၁ ဦး နဲ့ ရန်ကုန်တိုင်း ကြည်ြ့မင်တိုင်က ၂ ဦး ပါဝင်ပါတယ်။

ပြန်လွတ်လာသူများက ရဲစခန်းမှာ ထွက်ဆိုချက်အရ လှေမှောက်ရခြင်းအကြောင်းရင်းဟာ မုန်တိုင်းအန္တရာယ်ကြောင့် မဟုတ်ဘဲ  ပဲ့နင်းဖြစ်သူရဲ့ မကျွမ်းကျင်မှုကြောင့် ဖြစ်ရတယ်လို့ ယူဆတဲ့အတွက် ဒုတိယပဲ့နင်းဖြစ်တဲ့ ဦးမြင့်အောင်ကို ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ စခန်းမှူးက ပြောပါတယ်။

“မုန်တိုင်းအန္တရာယ်ကြောင့် ဖြစ်တာမဟုတ်ဘူးပေါ့နော်။ ဖြစ်တာက ပဲ့နင်းရဲ့ မကျွမ်းကျင်မှုကြောင့် ဖြစ်တယ်လို့ ကျနော်တို့ ယူဆတယ်။ သက်သေခေါ်ထားတဲ့သူတွေကလည်း စစ်တဲ့အခါမှာ ပဲ့နင်း မကျွမ်းကျင်မှုကြောင့် စက်လှေမှောက်သွားတယ်လို့ သိရလို့ အမှုဖွင့်ထားပါတယ်။”

အမှုဖွင့်ခံရသူ ဦးမြင့်အောင်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

လှေပေါ်ပါလာသူအရေအတွက်နဲ့ ပျောက်ဆုံးသူအရေအတွက်တွေကတော့ ရဲစခန်းနဲ့  လှေပေါ်မှာပါလာသူတွေရဲ့ ပြောကြားချက် ကွဲလွဲမှုရှိနေပါတယ်။

စက်လှေနစ်ရာမှာ ပါသွားပြီး  အရင်ဆုံးလွတ်မြောက်လာတဲ့ စက်ဆရာ ဦးသန်းအောင်ကတော့  သူတို့ကျောက်ဖြူက ထွက်လာစဉ်မှာ လှေပေါ်မှာ ၂၁ ဦး ရှိပြီး   ၆ ဦး လွတ်မြောက်ကာ ၁၅ ဦး ပျောက်နေတယ်လို့  ဆိုပါတယ်။

၁၄ နာရီကြာ ပင်လယ်ထဲ ကူးခတ်ပြီး အသက်ဘေးက ပြန်လွတ်လာတဲ့  စက်ဆရာ ဦးသိန်းအောင်က သူတွေ့ကြုံခဲ့ရတာကို ခုလို ပြန်ပြောပြပါတယ်။

“ဘာဖြစ်လို့ မှောက်သွားလဲဆိုတော့ ပိုက်ဆွဲနေရင်းနဲ့ လှေတခြမ်းစောင်းသွားလို့ အလှည့်များသွားပြီးတော့ လေရဲ့လှိုင်းတွေကလည်း လာတော့ အုပ်ပြီးမှောက်သွားတယ်။ မိုးလေ၀သအခြေအနေက အဲဒီနေ့ကနေစပြီးဖောက်ပါတယ်။ အဲဒီကစပြီးတော့ မိုးလည်းရွာတယ်၊ လေလည်းတိုက်တယ်၊ လှိုင်းလည်းကြီးတယ်။ ဘယ်လိုလွတ်မြောက်ခဲ့လဲ ဆိုတော့ ကျနော်တို့ လှေမှောက်တဲ့အချိန်မှာ အပြင်ကလှေတွေနဲ့ ဆက်သွယ်မှု ဘာတခုမှ မရှိခဲ့ဘူး။ ဘာတခုမှ မရှိတော့ ဒီလူတွေ အသက်ရှင်ရေးအတွက် ရေလိုက်ကူးခဲ့တယ်။ မြင်တဲ့လှေကို ရေကူးပြီး အကူအညီတောင်းတယ်ပေါ့။ ကျနော် ၁၄ နာရီ ကူးခဲ့ရပါတယ်။”

လှေမှောက်တဲ့နေရာဟာ ကျောက်ဖြူဆိပ်ကမ်းကနေ ၁၀ မိုင်လောက်ကွာဝေးပြီး  ကမ်းနဲ့ အလှမ်းဝေးလှတယ်လို့တော့ မဆိုသာပေမယ့် ရေစီးနှုန်းမှာ ၁ နာရီ ၃ မိုင်လောက် မြန်နေတဲ့အ တွက် ကမ်းကို လှမ်းမြင်ပေမယ့်  ရေမကူးရဲဘဲ ရေစီးကြောင်းနောက်သာ လိုက်ပါကြကြောင်း၊  အားလုံး လွတ်မယ်လို့ မျှော်လင့်နေကြောင်း သူကဆက်ပြောပါတယ်။

သူတို့ ၆ ဦးလုံး ထိခိုက်ဒဏ်ရာရမှုမရှိဘဲ မောပန်းနွမ်းနယ်မှုသာရှိတဲ့အတွက် မနက်ဖြန် ရန်ကုန်ပြန်မယ်လို့  ဆိုပါတယ်။

အဏ္ဏာဝါမင်းငါးဖမ်းလှေအုပ်စု ကိုယ်စားလှယ် ဦးတင်အောင်ထွေးကတော့ လှေဟာ ရန်ကုန်ကနေ ထွက်ခွာလာတုန်းက လူ ၂၅ ဦး ပါလာပြီး လမ်းခုလပ်မှာ ဆင်းခဲ့ကြလို့ လှေမှောက်ချိန်မှာ ၂၁ ဦးသာ ကျန်ရှိကြောင်း၊ အဲဒီငါးဖမ်းလှေတွေဟာ ရန်ကုန်မြို့က ရွှေအော်ကြီး ကုမ္ပဏီပိုင်ဖြစ်ပြီး ရခိုင်ပင်လယ်ပြင်ထဲမှာ ငါးဖမ်းနေတဲ့လှေ ၆ စီး ရှိကာ  အခု ကျန်တဲ့လှေ  ၅ စီးလုံးက ပျောက်ဆုံးနေတဲ့ လူတွေကို နေ့ရော ညပါ ၀ိုင်းဝန်း လိုက်လံ ရှာဖွေနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013