DVB Logo
Home
နိုင်ငံတကာ
ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ်နေအိမ် စစ်ဆေးခံရ၊ ရဲအရာရှိ ၈ ဦး ဖမ်းဆီးခံရ
DVB
·
September 26, 2023
ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ်နေအိမ် စစ်ဆေးခံရ၊ ရဲအရာရှိ ၈ ဦး ဖမ်းဆီးခံရ
Donate to DVB

ရာဇဝတ်မှုပေါင်း မြောက်များစွာကို လက်သံပြောင်စွာနှိမ်နှင်းနိုင်သူလို့ ကျော်ကြားတဲ့ ထိုင်းအမျိုး သားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆူလချေ့် ဟတ်ဖန်းရဲ့ နေအိမ်ကို မနေ့က ဆိုင်ဘာရဲတပ်ဖွဲ့နဲ့ ကွန်မန်ဒိုရဲတပ်ဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ သွားရောက်စစ်ဆေးခဲ့ပြီး သူ့ရဲ့ တပည့်ရင်း ရဲအရာရှိ ၈ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ 

ဆိုင်ဘာရဲတပ်ဖွဲ့နဲ့ စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ဟာ ဒီမတိုင်ခင်ရှေ့က အွန်လိုင်းလောင်းကစားတဲ့ ဂိုဏ်းတွေကို လိုက်လံနှိမ်နင်းရာမှာ လူ ၁၅ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီထဲက  ၈ ဦးမှာ ဒုရဲချုပ်ရဲ့ လူယုံတော်ရဲမှူးကြီး အပါအဝင် ရဲအရာရှိတွေပါ ပါဝင်နေတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် စက်တင်ဘာ ၂၅ ရက် မနက် ၈ နာရီလောက်က ဘန်ကောက် ရတ်ဆီနယ်မြေ ဝိဖာဝဒီရန်းဆစ် လမ်း ၆၀ ရှိ  ဒုရဲချုပ် ရဲ့နေအိမ်ကို သွားရောက်စစ်ဆေးခဲ့ကြတာပါ။ 

ဆိုက်ဘာရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက တရားရုံးခွင့်ပြုချက်စာကို ထုတ်ပြပြီး နေအိမ်စစ်ဆေးခွင့်တောင်းပေမယ့် ဒုရဲချုပ်က ချက်ချင်းစစ်ဆေးခွင့်မပြုဘဲ အားလုံးကို ပြန်ခိုင်း လိုက်ကြောင်း၊ သူ့ထက်ရာထူးကြီးတဲ့လူလာမှ ခွင့်ပြုမယ်ပြောတာကြောင့် ဆိုင်ဘာ ရဲတပ်ဖွဲ့ ဥပဒေနဲ့ မှုခင်းရေးရာဌာနမှုး  ရဲမှူးကြီး တရိုင်းရုန်းဖျူဖန်းက အကျိုးအကြောင်းနဲ့ လာရောက် ရှင်းလင်းမှ ဒုရဲချုပ်က သူကိုယ်တိုင်ရှေ့လိုက်ပြပြီး စစ်ဆေးခွင့်ပြုတယ်လို့ သိရပါတယ်။

ဒုရဲချုပ်ရဲ့ နေအိမ်မှာ ၅ ခန်းတွဲ ၃ ထပ်တိုက်ဖြစ်ပြီး အခန်း ၁ နဲ့ ၂ မှာ တပည့်ရဲအရာရှိ တွေနေထိုင်စေကာ ၃ နဲ့ ၄ မှာ ဒုရဲချုပ်နေပြီး တိုက်ခန်း ၅ မှာ သူ့ဖခင်နေထိုင်ကြောင်း၊ တာဝန်ရှိသူတွေက စစ်ဆေးရှာဖွေအပြီးမှာတော့ မသင်္ကာစရာ တစုံတရာ ဘာမှမတွေ့ပါဘူး။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး အိမ်ရှင် ဒုရဲချုပ် ဆူရချေ့ဟတ်ဖန်းက “ဒါဟာကြိုတင်ပြင်ဆင်ထားတဲ့ လုပ်ရပ်တခုလို့မြင်တယ်။ ကျနော့်မှာ ဘာပြစ်မှုမှလည်း မရှိဘူး၊ သူတို့စစ်ကြည့်တော့လည်း ဘာမှမတွေ့ဘူး၊ တရားရုံးက စစ်ခွင့်ပြုတဲ့ ဝရမ်းစာမှာလည်း ကျနော့်နာမည်မပါဘူး။ ဒီအိမ်ဟာ ကျနော့အိမ်ဆိုတာ ရဲအသိုက်အဝန်းအကုန်သိတယ်၊ ဘာကြောင့် တရားရုံးမှာ မပြောတာလဲ၊ တရားရုံးကို မလိမ့်တ ပတ်လုပ်တာလား၊ အမှုမရှိဘဲနဲ့ ဒီလိုအသလွတ်လိုက်စစ်ဆေးနေရင် ပြည်သူတွေအတွက် မခက်ဘူးလား” လို့ ပြောပါတယ်။ 

ဆက်လက်ပြီး ဒုရဲချုပ်က “ကျနော့်ကို အွန်လိုင်းလောင်းကစားမှုနဲ့ ပတ်သက်တယ်လို့ပြောတယ်၊ ကျနော်ပတ်သက်တာက ဖမ်းဆီးနှိမ်နင်းတဲ့ဘက်ကလေ၊ ကျနော့်လက်အောက်ငယ်သားတွေ ပတ် သက်တယ် ဆိုရင်တော့ ကျောသားရင်သားမခွဲဘဲ ပြတ်ပြတ်သားသားအရေးယူမယ်။ ဒီကနေ့ လာစစ်တာကတော့ တရားလွန်တယ်၊ ဘယ်သူကအမိန့်ပေးလဲဆိုတာလည်း မသိရဘူး၊ ဒါဟာ မရိုးသားဘူး၊ နိုင်ငံရေးနဲ့ ပတ်သက်နေတယ်၊ ဒီကိစ္စက ကျနော့်ကို နာမည်ပျက်အောင်လုပ်တာပဲလို့ မြင်တယ်” လို့ ပြောပါတယ်။

သူ့အနေနဲ့ ဘာပြစ်မှုမှမရှိဘဲ အခုလိုစစ်ဆေးရှာဖွေခံရတဲ့အပေါ် မိမိသိက္ခာအတွက် စစ်ဆေးမိန့် ပေးတဲ့ သူ/အဖွဲ့အပေါ် ပြန်လည်တရားစွဲသွားဖို့ ရှေ့နေအဖွဲ့လည်း ဖွဲ့ထားကြောင်း၊ ရဲချုပ် ရာထူးကိုလည်း မမျှော်မှန်းထားဘဲ လက်ရှိ ရာထူးကနေ အလုပ်လုပ်နေရတာကို ကျေနပ်တယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။ 

ထိုင်းနိုင်ငံမှာ လာမယ့်ရက်ပိုင်းအတွင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီးရာထူးအတွက် လူသစ်ခန့်ထားဖို့ရှိနေပါတယ်။ အဆိုပါရာထူးနဲ့ ထိုက်တန်သူလို့  လျာထားတဲ့ ရဲတွေထဲမှာ ဒုရဲချုပ် ဆူရချေ့ ဟတ်ဖန်းလည်း ပါဝင်ပါတယ်။ 

သူဟာ ဒီနှစ်ထဲ တရုတ်စီးပွားရေးလုပ်ငန်းရှင်နဲ့ ရဲအရာရှိအချို့ပူးပေါင်းပြီး တရားမဝင် လောင်း ကစား၊ ကာရာအိုခေ၊ အနှိပ်ခန်း၊ ဗီဇာလိမ်လည်မှုတွေ၊ ဆိုင်ယာနိုက်နဲ့ လူပေါင်း ၂၀ ကျော် အဆိပ် ခတ်သတ်ခဲ့တဲ့အမှု၊ ဘုန်းကြီးကျောင်းငွေကိုယ်ကျိုးသုံးစွဲမှုစတဲ့ အမှုကြီးတွေ ဖော်ထုတ်အရေး ယူခဲ့ပြီး ပထုန်ဌာနီခရိုင်မှာ ရဲမှူးကြီး ပစ်သတ်ခံရတဲ့အမှု၊ ရွာသူကြီးနဲ့ ရဲတွေပေါင်းပြီး အမြန် လမ်းပေါ် တန်ပိုယာဉ်တွေသယ်ခွင့်ပြုကာ ဘတ်သန်းပေါင်း ထောင်နဲ့ချီလာဘ်စားမှုတွေ ဖော်ထုတ်အရေးယူလျက်ရှိပါတယ်။ 

အမြန်လမ်း တန်ပိုယာဉ်လာဘ်စားမှုမှာ ရဲချုပ်အဆင့်ရှိသူ ပါဝင်ပတ်သက်နေတယ်၊ ရအောင် ဖော်ထုတ်မယ်လို့ သူကကြိမ်းဝါးခဲ့ပေမယ့် အထက်က အဆိုပါအမှုတွဲကို ဗဟိုရာဇဝတ်မှု စုံစမ်းစစ် ဆေးရေးရဲတပ်ဖွဲ့ထံ လွှဲပြောင်းလိုက်ပါတယ်။  

ဒီမတိုင်ခင်က ဖမ်းဆီးခံထားရတဲ့ ရဲမှူးကြီး ၅ ဦး၊ ဒုရဲမှုး ၃ ဦး တို့ကိုတော့ အာမခံငွေ ဘတ် ၁ သိန်းစီနဲ့ ပြန်လွှတ်ပေးလိုက်ပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013