DVB Logo
Home
မြန်မာသတင်း
ပုဂ္ဂလိကကျောင်းများ၌ နိုင်ငံတော်အလံကို အလေးပြု၊ နိုင်ငံတော်သီချင်းဆိုရန် စစ်ကောင်စီ အမိန့်ထုတ်
DVB
·
September 25, 2023
ပုဂ္ဂလိကကျောင်းများ၌ နိုင်ငံတော်အလံကို အလေးပြု၊ နိုင်ငံတော်သီချင်းဆိုရန် စစ်ကောင်စီ အမိန့်ထုတ်
Donate to DVB

မြန်မာနိုင်ငံတဝန်းရှိ ပုဂ္ဂလိကကျောင်းတွေနဲ့ အင်တာနေရှင်နယ်ကျောင်းတွေမှာ နိုင်ငံတော်အလံကို အလေးပြုတာနဲ့ နိုင်ငံတော်သီချင်းကို သီဆိုရမယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၂၁ ရက်က ညွန်ကြားခဲ့တယ်လို့ ကျောင်းတာဝန်ရှိသူတွေထံက သိရပါတယ်။

စစ်ကောင်စီခန့် ပညာရေးဒုဝန်ကြီးနဲ့ စစ်တပ်အရာရှိက စက်တင်ဘာလ ၂၁ ရက်မှာ ကျောင်းတည်ထောင်သူတွေနဲ့ ကျောင်းအုပ်ကြီးတွေကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမမှာ တွေ့ဆုံကာ အခုလို အမိန့်ပေးခဲ့တာလို့ ပုဂ္ဂလိကကျောင်းတည်ထောင်သူတဦးက ဒီဗွီဘီ ကို ပြောပါတယ်။

"ပညာရေးဝန်ကြီးဌာနက ဒုဝန်ကြီးပါတယ်။ ဗိုလ်ချုပ်ဇော်ဟိန်းပါတယ်။ နိုင်ငံတော် အလံအလေးပြုတာ နိုင်ငံတော်သီချင်းဆိုတာထက် ကလေးတွေကို စစ်တပ်ကောင်းကြောင်း၊ PDF တွေမကောင်းကြောင်း ဒီလိုအဖျက်အမှောင့်သမားတွေကြောင့် နိုင်ငံမတိုးတက်ဘူးဆိုတာ သိစေချင်တဲ့ သဘောကို ခေါ်ပြောတာ"လို့ ရှင်းပြပါတယ်။

နိုင်ငံတော်အလံ လွှင့်ထူထားတာနဲ့၊ အလေးပြုတာမလုပ်တဲ့ ပုဂ္ဂလိကကျောင်းနဲ့ အင်တာနေရှင်နယ်ကျောင်းတွေကို  စစ်ဆေးရေးအဖွဲ့တွေက  ကွင်းဆင်းစစ်ဆေးကာ အရေးယူသွားမယ်လို့ စစ်ကောင်စီခန့် ဒုဝန်ကြီးက ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ပညာရေးဒုဝန်ကြီးက ပုဂ္ဂလိကကျောင်းတွေနဲ့ အင်တာနေရှင်နယ်ကျောင်းတွေက သင်ကြားရေးပိုင်းက ဆရာ ၊ဆရာမတွေကို CDM မလုပ်ကြောင်းနဲ့ နိုင်ငံတော်ကို ဆန့်ကျင်ရာမှာ မပါဝင်ကြောင်း ဝန်ခံကတိလက်မှတ် ထိုးပေးရတယ်လို့ ပုဂ္ဂိလကကျောင်း ကျောင်းအုပ်ဆရာမတဦးက  ပြောပါတယ်။

"ပညာရေးဝန်ကြီးဌာန CDM ဝန်ထမ်းမဟုတ်ကြောင်း၊ ဆန္ဒပြဆူပူမှု၊ နိုင်ငံတော်ပုန်ကန်မှုမှာ မပါဝင်ကြောင်း လက်မှတ်ထိုးဖို့စာရွက် ထုတ်ပေးတယ်။ စစ်တပ်က စာရွက်မထုတ်ပေးနဲ့ ကိုယ်တိုင်လက်ရေးနဲ့ ရေးခိုင်းဆိုပြီး ခိုင်းတာ"လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်စေရေး၊ မြန်မာ့ယဉ်ကျေးမှု မပျက်စီးစေရေးအတွက် မြန်မာစာ၊ မြန်မာ့သမိုင်းနဲ့ မြန်မာ့ပထဝီဝင်ဘာသာရပ်တွေကို  ဥပဒေနဲ့အညီ သင်ကြားရမယ်လို့ ပညာရေးဒုဝန်ကြီးက ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

၂၀၂၃ ခုနှစ် ကျောင်းတက်ရာသီက စတင်ကာ ပုဂ္ဂလိက ကျောင်းတွေနဲ့ အင်တာနေရှင်နယ်ကျောင်းတွေမှာ အမျိုးသားစိတ်ဓာတ်ရှင်သန်ထက်မြတ်ရေးအတွက်ဆိုပြီး စစ်ကောင်စီက အတင်းအကျပ် လုပ်ခိုင်းနေတာတွေလည်း ရှိပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013