DVB Logo
Home
မြန်မာသတင်း
မြန်မာဒုက္ခသည်များအတွက် အမေရိကန်က ဒေါ်လာ သန်း ၁၀၀ ကျော်ထပ်ပေး
DVB
·
September 23, 2023
မြန်မာဒုက္ခသည်များအတွက် အမေရိကန်က ဒေါ်လာ သန်း ၁၀၀ ကျော်ထပ်ပေး
Donate to DVB

မြန်မာပြည်တွင်းပြည်ပ ဒုက္ခသည်တွေကိုအကူအညီပေးဖို့ အမေရိကန်ဒေါ်လာ ၁၁၆ သန်း ထပ်မံပေးအပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကုလအထွေထွေညီလာခံ High Level Week မှာ ကြေညာသွားပါတယ်။

မြန်မာပြည်တွင်းပြည်ပ ဒုက္ခသည်တွေကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ အမေရိကန်အစိုးရက ဒေါ်လာ ၁၁၆ သန်းထပ်မံပေးအပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms.Uzra Zeya က ဒေသစံတော်ချိန် စက်တင်ဘာ ၂၁ ရက်နေ့မှာ ကြေညာပြောဆိုလိုက်တာပါ။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ High Level Week ရဲ့ နိုင်ငံတကာခေါင်းဆောင်တွေ တစုတစည်းတည်းရှိနေချိန်မှာ မြန်မာပြည်သူတွေကို အကူအညီပေးရေးအတွက် အခုလိုကြေညာခဲ့တာဖြစ်ပါတယ်။

NUG သမ္မတရုံးရဲ့ ပြောခွင့်ရှိသူ ဦးကျော်ဇော်က “အမေရိကန်ပြည်ထောင်စုကနေပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာနကပေါ့နော်။ ကုလသမဂ္ဂ အထွေထွေညီလာခံလုပ်တဲ့ အချိန်မှာပဲ မြန်မာနိုင်ငံအတွင်းက ဒုက္ခသည်တွေနဲ့ အပြင်က မြန်မာဒုက္ခသည်တွေ ရိုဟင်ဂျာတွေ အပါအဝင် လူသားချင်းစာနာထောက်ထားမှုအကူအညီ ၁၁၆ သန်း အမေရိကန်ဒေါ်လာ ထပ်ပေးတယ်ဆိုတဲ့ဟာကို ကြေညာသွားတယ်ပေါ့နော်။ အဲ့ဒါက အထွေထွေညီလာခံရဲ့ High Level Week မှာ ကြေညာသွားတာ ထူးခြားချက် တခုပေါ့နော်။ အမေရိကန် ပြည်ထောင်စုအနေနဲ့က ဥပဒေဘောင်အတွင်းက ကူညီလို့ရတာတွေ အကူအညီ ပေးတာရဲ့ အစိတ်အပိုင်းတခုလို့ နားလည်ပါတယ်” လို့ ပြောပါတယ်။

ပြည်ပရောက် ရိုဟင်ဂျာတွေကို အစားအသောက်၊ ရေ၊ ဆေးဝါးနဲ့ တခြား လိုအပ်ချက်တွေကို အကူအညီပေးနိုင်ဖို့ အမေရိကန်အစိုးရက မိတ်ဖက် အဖွဲ့အစည်းတွေကို အမေရိကန်ဒေါ်လာ ၇၄ သန်းအထိ အသုံးပြုခွင့် ပေးထားတယ် လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးက သူ့ရဲ့ ကြေညာချက်မှာ ထည့်သွင်းပြောဆိုသွားပါတယ်။

ဒုဝန်ကြီးကြေညာခဲ့တဲ့ ဒေါ်လာ ၁၁၆ သန်း ထပ်မံပေးအပ်တယ်ဆိုတာ သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ် ရေးထိုးထားတဲ့ Burma Act၊ အမေရိကန် အမျိုးသား ကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ NDAA၊ အမေရိကန်အစိုးရ ဘဏ္ဍာငွေခွဲငွေသုံးစွဲမှု ဥပဒေတို့ဆီကနေ ထပ်မံ ရလာနိုင်စရာရှိတဲ့ ဒေါ်လာ ၁၃၆ သန်းထက်မနည်းတဲ့ ထောက်ပံ့မှုနဲ့ သီးခြားစီ ဖြစ်တယ်လို့ NUG သမ္မတရုံး တာဝန်ရှိသူက ပြောပါတယ်။

၂၀၁၇ ခုနှစ်ကစပြီး မြန်မာနိုင်ငံပြည်တွင်းပြည်ပက ဒုက္ခသည်တွေကို အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံအထိ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဦးကျော်ဇော်က “လူသားချင်းစာနာထောက်ထားမှု အကူအညီပေးတဲ့ဟာ ဒုက္ခသည်တွေကို ကူညီတဲ့ဟာပေါ့။ အခုကတော့ အမေရိကန်ပြည်ထောင်စုက ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ ကူညီတာ ၂ ဘီလီယံ ဒေါ်လာ ရှိသွားပြီပေါ့နော်။ အဲလိုလည်း ကြေညာသွားတာ တွေ့ရပါတယ်။ သူတို့ကနေပြီးတော့ သူတို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကနေ တဆင့် အရေးကြီးတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပေးနေတာဖြစ်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms.Uzra Zeya ဟာ ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဝါရှင်တန်ဒီစီမှာဖွင့်လှစ်ခဲ့တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးရုံးဖွင့်ပွဲကို တက်ရောက်ခဲ့ပြီး မြန်မာ ပြည်သူတွေဘက်က ရပ်တည်ကြောင်း ပြောဆိုခဲ့သူဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013