
ဟန်ကျိုး အာရှအားကစားပွဲတော်ကို တက်ရောက်ဖို့ အိန္ဒိယအားကစားသမား ၃ ဦး ဗီဇာရရှိဖို့ ငြင်းပယ်ခံရပြီးနောက်မှာ တရုတ်နိုင်ငံဟာ အငြင်းပွားနေတဲ့ အိန္ဒိယပြည်နယ်ကို လုံးဝ အသိအမှတ်မပြုကြောင်း စက်တင်ဘာလ ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံကို သူတို့ရဲ့ ဗီဇာလျှောက်ထားမှုကို ငြင်းပယ်ခံရပြီးနောက်မှာ အိန္ဒိယကိုယ်ခံပညာ အားကစားသမား ၃ ဦးဟာ ဟန်ကျိုးမြို့မှာ ကျင်းပနေတဲ့ ၂၀၂၃ အာရှ အားကစားပြိုင်ပွဲမှာ မပါဝင်နိုင်တော့ဘူးလို့ ဟင်ဒူစတန် တိုင်းမ်စ် သတင်းစာမှာ ဖော်ပြပါတယ်။
ဘေဂျင်းမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းကတော့ တရုတ်နိုင်ငံဟာ ဟန်ကျိုးကို လာရောက်မယ့် နိုင်ငံအသီးသီးမှ အားကစားသမား တွေကို တရားဝင်စာရွက်စာတမ်းတွေနဲ့အတူ ကြိုဆိုပါကြောင်း ပြောကြားပါတယ်။
ဒီအားကစားသမား ၃ ဦးဟာ အရှေ့ မြောက်ပိုင်း အာရွန်နာရှာ ပရာဒေ့ရှ်ပြည်နယ်က ဖြစ်ပြီး တရုတ်အစိုးရက ဒီလိုသုံးနှုန်းခေါ်တွင်တာကို ဘယ်တုန်းကမှ အသိအမှတ် မပြုခဲ့ကြောင်းနဲ့ အဲဒီ တိဗက်တောင်ပိုင်းဒေသဟာ တရုတ်နိုင်ငံရဲ့ ပိုင်နက် အစိတ်အပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံဟာ တောင်ပိုင်းတိဗက်ပြည်နယ်ကို တရုတ်ဘာသာနဲ့ ဆန်းနန်လို့ ဖော်ပြထားတာ အပါအဝင် နိုင်ငံတွင်း ရှိနေရာ ၁၁ ခုကို အမည်ပြောင်းထားတဲ့ မြေပုံကို ဧပြီလတုန်းက ထုတ်ပြန်ခဲ့ပါတယ်။
Source/Photo-Reuters










