Home
မြန်မာသတင်း
ကေအန်ယူ နယ်မြေတွင် စစ်ရှောင်ပြည်သူ ၆၃၇၀၀၀ ကျော်ထိရှိလာ
DVB
·
September 22, 2023

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နယ်မြေအတွင်း စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင်ပြည်သူ ၆၃၀,၀၀၀ ကျော်အထိ တိုးလာခဲ့ပြီး အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ် ၇၀ ရာခိုင်နှုန်း ပါဝင်နေပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေက ကေအန်ယူ နယ်မြေအတွင်းကို နယ်မြေကျော် စစ်ရေးလှုပ်ရှားလာတာကြောင့် KNLA, KNDO, PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

တိုက်ပွဲတွေဖြစ်ပွားတိုင်း ဒေသခံကျေးရွာတွေအတွင်းကို လက်နက်ကြီးအပြင် လေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

၂၀၂၂ ခုနှစ် ဩဂုတ်လအထိ စစ်ဘေးရှောင်ပြည်သူ ၃၄၀၀၀၀ ကျော်ရှိရာကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ ၅၃၀၀၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။ ဇူလိုင်လအထိမှာတော့ စစ်ဘေးဒုတ်ခသည် ပြည်သူ ၆၃၇၀၀၀ ကျော်အထိ ထပ်မံတိုးလာခဲ့ပြီး အဲဒီထဲက အမျိုးသမီးနဲ့ ကလေးသူငယ် ၇၀ ရာခိုင်နှုန်း ပါဝင်ပြီး အမျိုးသမီး ၁၀ ရာခိုင်နှုန်းဟာ ထိခိုက်သေဆုံးခဲ့ရပါတယ်။

ကရင်အမျိုးသမီးအဖွဲ့အစည်း (KWO) ဒုက္ကဋ္ဌ နော်စေးစေးဟဲက "ဘာကြောင့် သေရလဲဆိုရင် စစ်ကောင်စီက လက်နက်ကြီးနဲ့ လေယာဉ်နဲ့ပစ်တယ်။ အမျိုးသမီးနဲ့ ကလေးတွေထိတယ်။ ချက်ချင်းမဆုံးဘဲနဲ့ ‌ဆေးကုဖို့ ပစ္စည်းကိရိယာ မလုံလောက်တာတို့ လမ်းခရီက ဝေးတာကြောင့် ဆုံးသွားတဲ့ ကလေးတွေရှိတယ်" လို့ ပြောပါတယ်။

စစ်ပွဲတွေကြောင့် ပြည်သူတွေဟာ နေအိမ်မနေရဲတာကြောင့် တောတောင်တွေထဲမှာ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အလျဉ်မမီတာတွေကို မြေပြင်တိုက်ပွဲတွေနဲ့ မိုးကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေ‌ကြောင့် အချိန်မီပို့ဆောင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ကော်သူးလေကျန်းမာရေးနှင့်ကယ်ဆယ်ရေးအဖွဲ့ (KDHW) အတွင်းရေးမှူး စောလာစဲက ပြောပါတယ်။

ကေအန်ယူ နယ်မြေထဲက တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း စစ်ဘေးရှောင် ပြည်သူအများဆုံးဖြစ်ပြီး ဒုတိယအများဆုံးက တပ်မဟာ ၂ သထုံခရိုင်နဲ့ တတိယအများဆုံးက တပ်မဟာ ၃ ညောင်လေးပင်ခရိုင် ဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားတိုင်း စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးတဲ့အပြင် ဆုံးရှုံးမှုတွေများနေတာကြောင့် နိုင်ငံတကာက လေယာဉ်ဆီ ရောင်းချပေးတာတွေ မပြုလုပ်ဖို့ ကရင်အမျိုးသမီးအဖွဲ့အစည်း တာဝန်ရှိသူက တိုက်တွန်းထားပါတယ်။

ကေအန်ယူ တပ်မဟာ ၇ ကလွဲရင် ကျန်နယ်မြေတွေမှာ စစ်ကောင်စီပူးပေါင်း တပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ နေ့တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဒေသခံ ပြည်သူတွေဟာ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့အတွက် မိုးကာလ နေထိုင်စားသောက်ရေးအပြင် အရေးပေါ်ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်ငံလုံးမှာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၁ ဒသမ ၆ သန်းကျော်အထိ ရှိလာပါတယ်။

စစ်တပ် အာဏာမသိမ်းခင်က ရှိနေတဲ့ အရေအတွက်ဆိုရင် တနိုင်ငံလုံးမှာ စစ်ဘေးဒုက္ခသည်ဦးရေ ၁ ဒသမ ၉ သန်းကျော်အထိ ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024