DVB Logo
Home
နိုင်ငံတကာ
ကနေဒါရောက် နိုင်ငံသားများ သတိထားနေထိုင်ရန် အိန္ဒိယအစိုးရ တိုက်တွန်း
DVB
·
September 21, 2023
ကနေဒါရောက် နိုင်ငံသားများ သတိထားနေထိုင်ရန် အိန္ဒိယအစိုးရ တိုက်တွန်း
Donate to DVB

ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင်တဦး အသတ်ခံရမှုအတွက် ကနေဒါနဲ့ အိန္ဒိယနိုင်ငံတို့က သက်ဆိုင်ရာ သံတမန်ကို အသီးသီး နှင်ထုတ်ပြီးတဲ့နောက် ဆက်ဆံရေး ဆိုးရွားနေချိန်မှာ ကနေဒါနိုင်ငံမှာရှိတဲ့ အိန္ဒိယနိုင်ငံသားတွေ အထူးသဖြင့် ကျောင်းသားတွေ အတတ်နိုင်ဆုံး သတိထားကြဖို့ စက်တင်ဘာ ၂၀ ရက်မှာ အိန္ဒိယအစိုးရက တိုက်တွန်းပါတယ်။

ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလံဘီယာပြည်နယ် ဆာရေးမြို့မှာ  ဆစ်ခေါင်းဆောင် ဟာဒိဆင်းဂ်နတ်ဂျာ သတ်ဖြတ်ခံရတဲ့ အမှုမှာ အိန္ဒိယအစိုးရသူလျှိုတွေ ပါဝင်ပတ်သက်မှုနဲ့ပတ်သက်ပြီး ယုံကြည်ရလောက်တဲ့ စွပ်စွဲချက်တွေကို ကနေဒါအစိုးရက စုံစမ်းစစ်ဆေးနေတယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးက စက်တင်ဘာ ၁၈ ရက်မှာ ပြောကြားခဲ့ပြီးကတည်းက တင်းမာမှုတွေ ကြီးထွားလာခဲ့တာပါ။

အိန္ဒိယအစိုးရက နတ်ဂျာ အသတ်ခံရတဲ့အမှုနဲ့ ဆက်စပ်နေတယ်လို့ ဘာကြောင့် ယုံကြည်ရသလဲဆိုတာ ပြောဖို့ကိုတော့ ကနေဒါအရာရှိတွေက အခုအချိန်အထိ ငြင်းဆိုထားပါတယ်။

အိန္ဒိယသူလျှိုတွေက လူသတ်မှုနဲ့ ဆက်နွှယ်နေတယ်ဆိုတဲ့ ကနေဒါရဲ့ သံသယတွေကို အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့ အစိုးရက ပြတ်ပြတ်သားသား ပယ်ချလိုက်ပါတယ်။

၂၀၁၈ ခုနှစ်ကစပြီး ကနေဒါနိုင်ငံမှာရှိတဲ့ နိုင်ငံတကာကျောင်းသားတွေအတွက် အိန္ဒိယဟာ အကြီးမားဆုံးရင်းမြစ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ကနေဒါရောက် အိန္ဒိယကျောင်းသားဦးရေဟာ မနှစ်ကထက် ၄၇ ရာခိုင်နှုန်း တိုးလာပြီး ၃၂၀,၀၀၀ နီးပါးအထိ ရှိလာတာပါ။

အိန္ဒိယကျောင်းသားဦးရေဟာ နိုင်ငံရပ်ခြားကျောင်းသား စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ကနေဒါ နိုင်ငံတကာပညာရေးဗျူရိုက ဆိုထားပါတယ်။

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့မှာ နေထိုင်ကြတဲ့ ဆစ်ခ်ဘာသာဝင်တွေကလည်း ကနေဒါနိုင်ငံမှာ နေတဲ့ ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင်တဦး အသတ်ခံရမှုနဲ့ အိန္ဒိယအစိုးရ သူလျှိုတွေကြား ပတ်သက်မှုရှိတယ်ဆိုတဲ့ သံသယကို ထုတ်ပြောပြီးတဲ့နောက် စက်တင်ဘာ ၂၀ ရက်က ဆန္ဒပြခဲ့ကြပါတယ်။

ဇွန်လက ဟာဒိဆင်းဂ်နတ်ဂျာ အသတ်ခံရတဲ့အမှုမှာ အိန္ဒိယအစိုးရ သူလျှိုတွေ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်ပြီး ယုံကြည်ရလောက်တဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေတယ်လို့ ကနေဒါဝန်ကြီးချုပ်က ပြောခဲ့ပြီးနောက် ပါကစ္စတန်နိုင်ငံတွင်း ဆစ်ခ်အသိုင်းအဝိုင်းက အဖွဲ့ဝင် ၆၀ လောက်က လာဟိုးနဲ့ ပဲ့ရှ်ဝါမြို့တွေမှာ ဆန္ဒပြခဲ့ကြတာပါ။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013