DVB Logo
Home
နိုင်ငံတကာ
ရုရှားဒုံးကျည်ကို ကြားဖြတ်တိုက်ခဲ့ဟု ယူကရိန်းပြော၊ ယူကရိန်းပစ်မှတ်များကို တိုက်ခိုက်ခဲ့ဟု ရုရှားပြော
DVB
·
September 19, 2023
ရုရှားဒုံးကျည်ကို ကြားဖြတ်တိုက်ခဲ့ဟု ယူကရိန်းပြော၊ ယူကရိန်းပစ်မှတ်များကို တိုက်ခိုက်ခဲ့ဟု ရုရှားပြော
Donate to DVB

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း တိုက်ပွဲတွေမှာ ရုရှားဒုံးကျည်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းတပ်ဖွဲ့ဝင်တွေက အခိုင်အမာပြောနေချိန်မှာပဲ လက်နက်တိုက်တွေနဲ့ ခဲယမ်းမီးကျောက်တွေ အပါအဝင် ယူကရိန်းပစ်မှတ် အများအပြားကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှားဘက်ကလည်း စက်တင်ဘာ ၁၈ ရက်မှာ ပြောခဲ့ပါတယ်။

ရုရှားတပ်ဖွဲ့တွေက ယူကရိန်းအရှေ့ပိုင်းရှိ ခရက်စ်နီ လီမန်နဲ့ ဒန်ညက်စ်မြို့တွေမှာ ယူကရိန်းထိုးစစ်တွေကို ချေမှုန်းခဲ့တယ်လို့ ရုရှားကဆိုပါတယ်။

ယူကရိန်းအရှေ့ပိုင်း ဒန်ညက်စ်နဲ့ လူဟန့်စ်ဒေသတွေက လမ်းကြောင်းတွေမှာရှိတဲ့ စစ်ဌာနချုပ်တွေနဲ့ အရှေ့မြောက်ဘက်က ခါရ်ခက်ဗ်မြို့တို့ကို တိုက်ခိုက်ခဲ့ပြီး “Storm Shadow” ခရုဇ်ဒုံးကျည်တွေ သိုလှောင်ထားတဲ့ ယူကရိန်း လက်နက်တိုက်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ယူရေနီယံဗုံးတွေ ပေါက်ကွဲ ကုန်ခန်းသွားပြီလို့လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်က ထောက်ပံ့ပေးတဲ့ ရွေ့လျားနိုင်စွမ်းမြင့်တဲ့ ဒုံးအမြောက်စနစ် (HIMARS) ကနေ ပစ်လွှတ်ခဲ့တဲ့ ဒရုန်း ၂၇ စင်းနဲ့ ဒုံးပျံငါးစင်းတို့ကို ရုရှားတပ်ဖွဲ့တွေက ကြားဖြတ် ဟန့်တားခဲ့တယ်လို့လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တချိန်တည်းမှာပဲ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ရှေ့တန်းနယ်မြေတွေမှာ တိုက်ပွဲပေါင်း ၃၀ ကျော် ဖြစ်ပွားခဲ့ပြီး ယူကရိန်းစစ်တပ်က ရုရှားအမှုထမ်းတွေနဲ့ စနစ်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ လက်နက်ကိရိယာတွေရဲ့ တည်နေရာတွေကို လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းတပ်မတော် စစ်ဦးစီးချုပ်က စစ်ပွဲအစီရင်ခံစာ ထုတ်ပြန် ပြောဆိုပါတယ်။

ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ ရုရှားလက်နက်ခဲယမ်း ၂၄ လုံးထဲက ၁၈ ခုနဲ့ ရုရှားဒုံးကျည် ၁၇ စင်းတို့ကိုလည်း ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်းစစ်တပ် AFU က ပြောခဲ့ပါတယ်။

ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ်ဟာ ယူကရိန်းအတွက် စစ်ရေးအကူအညီ ယူရိုသန်း ၄၀၀ (အမေရိကန်ဒေါ်လာ ၄၂၇ သန်းခန့်) တန်ဖိုးရှိတဲ့ စစ်ဘက်ဆိုင်ရာ အကူအညီ အစီအစဉ်သစ်ကို တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။

ယူကရိန်းနိုင်ငံအတွက် နောက်ထပ်ပံ့ပိုးကူညီမှုတွေ ဆွေးနွေးဖို့ အမေရိကန်ဦးဆောင်တဲ့ ယူကရိန်းကာကွယ်ရေးအဖွဲ့ဟာ အင်္ဂါနေ့မှာ အမေရိကန်မှာရှိတဲ့ ရမ်စတိန်းလေတပ်စခန်းမှာ တွေ့ဆုံဆွေးနွေးမယ်လို့လည်း သူက အတည်ပြုခဲ့ပါတယ်။

ဒီညီလာခံကို အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်က အစပြုခဲ့ပြီး ခုအချိန်အထိ လေးကြိမ်တိုင်တိုင် ကျင်းပနေတာပါ။ နေတိုးအဖွဲ့ဝင်တွေအပြင် နေတိုးမဟုတ်တဲ့ နိုင်ငံတချို့လည်း ဒီပွဲကို တက်မယ်လို့ သိရပါတယ်။

ရုရှားနယ်စပ်ကို ထိုးဖောက်ဝင်ရောက်မယ့် ဘေးကနေ ကာကွယ်ဖို့ ရုရှားရဲ့ MiG-31 တိုက်လေယာဉ်ဟာ ဘားရန့်ပင်လယ်ပြင်မှာ အမေရိကန်ရဲ့ P-8A ပိုစီဒွန် ကင်းထောက်လေယာဉ်တစင်းရဲ့ နောက်ကို လိုက်ပါသွားခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက တနင်္လာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရုရှားတိုက်လေယာဉ် ချဉ်းကပ်လာချိန်မှာ အမေရိကန် လေယာဉ်ဟာ ရုရှားနိုင်ငံ နယ်စပ်ကနေ လမ်းကြောင်းပြောင်းခဲ့ပြီး ထိပ်တိုက်တိုးလာနိုင်တဲ့ အလားအလာတွေကို ရှောင်ရှားနိုင်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013