DVB Logo
Home
မြန်မာသတင်း
ငုံးမွေးမြူသူများ အရှုံးပေါ်နေ
DVB
·
September 19, 2023
ငုံးမွေးမြူသူများ အရှုံးပေါ်နေ
Donate to DVB

မြန်မာနိုင်ငံအတွင်းရှိ ငုံးမွေးမြူရေးလုပ်ငန်းတွေမှာ အစာစျေးနှုန်း အဆမတန် မြင့်မားတာနဲ့ ငုံးဥစျေးကောင်းမရတာကြောင့် ငုံးမွေး​မြူရေးလုပ်ငန်း​တွေ အရှုံးပေါ်နေတယ်လို့ ငုံးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ​တွေက ပြောပါတယ်။

ငုံးအစာစျေးနှုန်းဟာ ၂၀၂၂ ခုနှစ် အကုန်က တအိတ်ကို ကျပ် ၂၇,၀၀၀ သာရှိပေမဲ့ စက်တင်ဘာ ၁၈ ရက် စျေးနှုန်းအရ တအိတ်ကို ကျပ် ၇၅,၀၀၀ အထိရှိလာပြီး တအိတ်ကို ကျပ် ၅၀,၀၀၀ ကျော်အထိ စျေးနှုန်းမြင့်တက်ခဲ့ပါတယ်။

ငုံးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတဦးက “အခု ငုံးအစာစျေးနှုန်းဟာ တခါမှမကြားဘူးတဲ့ စျေးနှုန်းပါ။ ဒီအစာစျေးနှုန်းနဲ့ တွက်ခြေမကိုက်ပေမဲ့လည်း ဒီငုံးတသုတ်ကုန်တဲ့အထိ အားတင်းပြီး မွေးနေရတာပါ။ အဓိကက အစာစျေး ၃ ဆလောက် တက်ပေမဲ့ ငုံးဥစျေးက လိုက်မတက်လာလို့ပါ။ ငုံးလောကကြီးတော့ တော်တော်စိတ်ပျက်သွားပါပြီ” လို့ ​ပြောပါတယ်။

ငုံးအစာစျေးနှုန်းတွေ ​မြင့်တက်နေပေမဲ့ ငုံးဥခြံရောင်းစျေးဟာ သြဂုတ်လက တလုံးကို ၄၅ ကျပ်ရှိပေမဲ့ အခု စက်တင်ဘာ ၁၈ ရက် စျေးနှုန်းမှာ တလုံးကို ကျပ် ၄၀ သာ ရှိတော့ပါတယ်။

ငုံးအပေါက်စျေးနှုန်းဟာ တကောင်ကို ကျပ် ၅၀၀ နီးပါးနဲ့ ဝယ်ရသလို အစာစျေး၊ အလုပ်သမားခနဲ့ ငုံးမွေးတဲ့ပစ္စည်းတွေလည်း စျေးနှုန်းမြင့်တက်နေပေမဲ့ ငုံးဥစျေး ​ကျတာကြောင့် အရှုံးပေါ်တယ်လို့ မုံရွာရှိ ငုံးမွေးမြူသူတဦးက ပြောပါတယ်။

“ငုံးသားပေါက် ၄၈၀ နဲ့ဝယ်ပြီး ၄၅ ရက် အစာကျွေး သေချာပြုစုမှ ဥစဥတာ။ ဥကတော့ ကိုယ်အစာကျွေးနိုင်တဲ့ပေါ်မှာ မူတည်ပြီး ၈ လအထိ ဥတယ်။ တနေ့ကို တလုံးပဲ ဥဥတာ၊ လက်ရှိ အစာစျေးနဲ့က ဘယ်သူမှ အကြာကြီးမမွေးနိုင်ဘူး၊ ကြာလေရှုံးလေ ဖြစ်တာကို။ တကယ်လို့ မတတ်နိုင်လို့ ငုံးအကောင်ကို ပြန်ရောင်းလို့ရတယ်။ ဒါပေမဲ့ စျေးကောင်းမရပါဘူး။ သားပေါက်လေးကို ၅၀၀ နီးပါးဝယ်ပြီး မွေးပေမဲ့ ငုံးအကောင်ကြီး ပြန်ရောင်းရင်လည်း ၅၀၀ လောက်ပဲရတယ်။ ငုံးမွေးတဲ့အ​ခြေအ​နေကို ပြောပြရရင် ငုံးဥစျေးက အဝီစိရောက်နေပြီး ငုံးစာစျေးက နတ်ပြည်ရောက်နေသလိုပဲ” လို့ ပြောပါတယ်။

စီးပွားဖြစ် ငုံးမွေးမြူရေးလုပ်ငန်းတွေနဲ့ တနိုင်တပိုင် ငုံးမွေးမြူရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ လုပ်ကိုင်နေကြပါတယ်။

မြန်မာနိုင်ငံဟာ တကမ္ဘာလုံး ငုံးမွေးမြူရေးရဲ့ ၀ ဒသမ ၈၇ ရာခိုင်နှုန်းခန့်ထိ လုပ်ကိုင်နေကြတယ်လို့ စစ်ကောင်စီရဲ့ ကူးသန်းရောင်းဝယ်ရေး အချက်အလက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013