DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းလိမ်လည်သူ ၁၀၉ ဦးကို တရုတ်ထံလွှဲပြောင်း၊ မူဆယ်၌ အွန်လိုင်း ငွေလိမ် လုပ်ငန်းရှင်များ ထွက်ပြေးနေ
DVB
·
September 18, 2023
အွန်လိုင်းလိမ်လည်သူ ၁၀၉ ဦးကို တရုတ်ထံလွှဲပြောင်း၊ မူဆယ်၌ အွန်လိုင်း ငွေလိမ် လုပ်ငန်းရှင်များ ထွက်ပြေးနေ
Donate to DVB

မြန်မာနိုင်ငံမြောက်ပိုင်းက အွန်လိုင်းလိမ်လည်မှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ သံသယရှိသူ ၁၀၉ ဦးကို သက်သေပစ္စည်းတွေနဲ့တကွ မြန်မာနိုင်ငံကနေ တရုတ်ရဲတွေဆီ စက်တင်ဘာ ၁၆ ရက်က လွှဲပြောင်းပေးခဲ့တာကို  China Daily  သတင်းမှာ ဖော်ပြထားပါတယ်။

ကိုဗစ်ကာလမှာ အလုပ်အကိုင် ရှားပါးလာတဲ့အတွက် ဆက်သွယ်ရေး လိမ်လည်မှုတွေ အားကောင်းလာလို့ အရှေ့တောင်အာရှမှာ အရင်က လျှို့ဝှက်တဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို မြန်မာနိုင်ငံမြောက်ပိုင်းကို ပြောင်းရွှေ့လာခဲ့ပါတယ်။

လုပ်ငန်းအများစုမှာ တရုတ်နိုင်ငံ ယူနန်မြို့နဲ့ နီးတဲ့ဒေသတွေမှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ဆိုပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ဖူအာမြို့ရှိ ပြည်သူ့လုံခြုံရေး အာဏာပိုင်ဖြစ်တဲ့ တရုတ်ရဲတွေဟာ ဆက်သွယ်ရေးလိမ်လည်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ မြန်မာအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ တိုးမြှင့် လုပ်ဆောင်နေပါတယ်။

အရင်ဖြိုခွဲမှု စစ်ဆင်ရေးတွေဟာ သိသာထင်ရှားတဲ့ ရလဒ်တွေ ရရှိခဲ့ကြပြီး သူတို့(ရဲ)ကြိုးပမ်းမှုတွေ ဆက်လက် ပြင်းထန်လာလိမ့်မယ်လို့တရုတ် ဝန်ကြီးဌာနကဆိုပါတယ်။

ရာဇဝတ်ဂိုဏ်းတွေဟာ ငွေကြေးများစွာပေးပြီး အခြေစိုက်နေရာတွေကို ငှားရမ်းကာ တင်းကျပ်တဲ့ စည်းကမ်းတွေကို ပြဋ္ဌာန်းထားကာ လက်နက်ကိုင်အစောင့်တွေနဲ့ အတင်းအကျပ် ခိုင်းစေ ဖိအားပေးနေတာတွေ ရှိပါတယ်။

၂၀၂၁ ခုနှစ်မှာ ရဲတွေက မြန်မာနိုင်ငံမြောက်ပိုင်းမှာ လည်ပတ်နေတဲ့ လိမ်လည်မှုဂိုဏ်း ၈ ခုက တရားခံ ၅၆၀ ကျော်ကို ဖမ်းဆီးကာ စုစုပေါင်း ၇၈ ဦးကို ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ပြည်ပမှာဖမ်းဆီးရမိခဲ့တဲ့ တရားခံပြေး ၅၈ ဦး အပါအဝင် ဆက်သွယ်​ရေး လိမ်လည်မှု သံသယရှိသူ ၁,၄၈၂ ဦးကို လက်ခံရရှိခဲ့ပါတယ်။

စက်တင်ဘာ ၁၆ ရက်က လွှဲပြောင်းပေးခဲ့တဲ့ သံသယရှိသူ ၁၀၉ ဦးထဲမှာ တရားခံပြေး ၁၁ ဦး ပါဝင်ကာ ရာဇဝတ်မှုဆိုင်ရာ ဆက်စပ်မှုတွေကို ရှာဖွေဖော်ထုတ်ကာ သက်ဆိုင်ရာ ရာဇဝတ်မှုတွေကို အရှိန်မြှင့် ဆောင်ရွက်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာ-တရုတ်နယ်စပ် မူဆယ်မှာ စက်တင်ဘာ ၁၆ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေ ပူးပေါင်းကာ ကျဖြန့် အွန်လိုင်းငွေလိမ်လည်တဲ့လုပ်ငန်း လုပ်ကိုင်သူတွေကို လိုက်လံဖမ်းဆီးနေပေမဲ့ အများစုက ရှောင်ရှားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

မျက်မြင် ဒေသခံတဦးက “မသင်္ကာရတဲ့လူတွေထင်တယ်။ တရုတ်ဘက်က ရဲပါတယ်၊ အထူးတပ်ဖွဲ့ပါတယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပါတယ်” လို့ ပြောပါတယ်။

မူဆယ် နန်းတော် နှစ်နိုင်ငံနယ်စပ်ဂိတ်မှာ တရုတ်ဘက်က လွှဲပြောင်းလက်ခံယူဖို့ စောင့်နေတာကို မြင်နေရတယ်လို့ ဆိုပါတယ်။

ငွေလိမ်လုပ်ကိုင်သူတွေ လိုက်ဖမ်းနေတာ ကြားရပေမဲ့ ဘယ်နှယောက်လောက် ဖမ်းဆီးခံရတာကိုတော့ မသိဘူးလို့ နယ်စပ်ဒေသခံ အမျိုးသားတဦးကလည်း ပြောပါတယ်။

“စဖမ်းကတည်းက ရှောင်ကုန်ပြီ။ ပေါင်းလုပ် ပေါင်းစားတွေပါ။ ကြိုသိပြီလေ။ တချို့ဆိုရင် မုံးကိုး၊ ပန်ဆိုင်းတွေဘက်ရော ရောက်ကုန်ပြီ။ သူဌေးတွေက ရှောင်ပြီလေ။”

မူဆယ်က ကျဖြန့် ငွေလိမ်လုပ်ငန်း လုပ်သူတွေ၊ အဓိကသူဌေးတွေက စက်တင်ဘာ လဆန်းလောက်ကတည်းက ရှောင်ထားလိုက်ကြပြီဖြစ်ပြီး အဲဒီ ငွေလိမ် တရုတ်တယောက်ကို မူဆယ်ကနေ မုံးကိုးထိ ကားခ တရုတ်ငွေ ၅,၀၀၀၊ မူဆယ်ကနေ သိန္နီ လမ်းဆုံထိ တရုတ်ငွေ ၁၀၀,၀၀၀ ကနေ ၁၅၀,၀၀၀ ထိ ဈေးပေါက်နေတယ်လို့ သူက ရှင်းပြပါတယ်။

“အလုပ်က လစာ ထုတ်ပေးပြီး အိမ်မှာ ပြန်နေခိုင်းတယ်။ အလုပ် ခဏပိတ်မယ်ပြောတယ်” လို့ မင်္ဂလာမူဆယ် ၉ ထပ်တိုက်က ကျဖြန့်ကုမ္ပဏီမှာ အလုပ်လုပ်တဲ့ မိန်းကလေးတဦးက ပြောပါတယ်။

မူဆယ်ဒေသခံတချို့ရဲ့ ပြောပြချက်အရ မူဆယ်မှာ ငွေလိမ်လုပ်ငန်း အများအပြားရှိပေမဲ့ အခုဖမ်းဆီးတာက ထန်ရီဝိုင်း၊ ခိုင်ဇာဝိုင်း၊ မူဆယ် ရာဘာတောဝိုင်း၊ AK ကုမ္ပဏီ၊ ခိုင်ဝေကုမ္ပဏီ၊ ရီရှင်းကုမ္ပဏီ၊ ကျင့်ဝှေဟွမ် ဟိုတယ်နဲ့ မူဆယ်အသီးခြံဝန်း စတဲ့ အသေးစား လုပ်ငန်းတွေလောက်ပဲ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

တရုတ်ဘက်က တရုတ်နယ်စပ်တလျှောက် ငွေလိမ်လုပ်ငန်းလုပ်နေတဲ့ တရုတ်နိုင်ငံသားတွေကို ဆက်လက်ဖမ်းဆီးနေဆဲ ဖြစ်တယ်လို့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာတော့ စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့မှာ ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ ၁,၂၀၀ ကျော်ကို တရုတ်ရဲတွေက ဝရဲတွေ ပူးပေါင်းဖမ်းဆီးပြီး တရုတ်ဘက် လွှဲ‌ပြောင်း ပေးခဲ့ပါတယ်။

ကျဖြန့်ဆိုတဲ့ ငွေလိမ်လုပ်ငန်းကတော့ ကွန်ပျူတာ၊ ဖုန်းတွေသုံးကာ အွန်လိုင်းကနေ နည်းမျိုးစုံနဲ့ လိမ်လည်ရပြီး တရုတ်နိုင်ငံနဲ့ အနောက်နိုင်ငံတွေကို အဓိကထား လုပ်ငန်းဗန်းပြ ရှယ်ယာခေါ်ကာ လိမ်ယူရတာဖြစ်ပြီး တလကို အနည်းဆုံး အမေရိကန် ဒေါ်လာ ၂၀၀ လိမ်လည်မပေးနိုင်ရင် တိုက်ပိတ် နှိပ်စက်ခံရကြောင်း ကျဖြန့်လုပ်ငန်းကနေ ထွက်ပြေးလွတ်မြောက်လာသူတွေဆီက သိရပါတယ်။

Source - China Daily

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013