DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးဝါး ထုတ်လုပ်၊ ဖြတ်သန်းသယ်ယူသည့် အဓိကနိုင်ငံစာရင်းတွင် မြန်မာကို အမေရိကန် ထည့်သွင်း သတ်မှတ် 
DVB
·
September 18, 2023
မူးယစ်ဆေးဝါး ထုတ်လုပ်၊ ဖြတ်သန်းသယ်ယူသည့် အဓိကနိုင်ငံစာရင်းတွင် မြန်မာကို အမေရိကန် ထည့်သွင်း သတ်မှတ် 
Donate to DVB

တရားမဝင်မူးယစ်ဆေးဝါးတွေကို အဓိက ဖြတ်သန်းသယ်ယူ၊ ထုတ်လုပ်တဲ့ ထိပ်ဆုံး နိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံပါဝင်တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က စက်တင်ဘာ ၁၅ ရက်နေ့စွဲနဲ့  ထုတ်ပြန်တဲ့  စာချွန်လွှာမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ 

၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွက် မူးယစ်ဆေးဝါးတွေ အဓိကဖြတ်သန်းသယ်ယူတဲ့၊ တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ အဓိကနိုင်ငံတွေစာရင်းကို အမေရိကန်သမ္မတက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဆီပေးပို့တဲ့ စာချွန်လွှာမှတ်တမ်းမှာ အရင်နှစ်တွေတုန်းကလိုပဲ ဆက်လက် သတ်မှတ် ဖော်ပြထားတာပါ။

ဒီစာရင်းထဲမှာ အာဖဂန်နစ္စတန်၊ ဘဟားမား၊ ဘလိဇ်၊ ဘိုလီးဗီးယား၊ မြန်မာ၊ တရုတ်၊ ကိုလံဘီယာ၊ ကော်စတာရီကာ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ အီကွေဒေါ၊ အယ်လ်ဆာဗေးဒေါ၊ ဂွာတီမာလာ၊ ဟေတီ ဟွန်ဒူးရပ်စ်၊ အိန္ဒိယ၊ ဂျမေကာ၊ လာအို၊ မက္ကဆီကို၊ နီကာရာဂွါ၊ ပါကစ္စတန်၊ ပနားမား၊ ပီရူးနဲ့  ဗင်နီဇွဲလားတို့ အဓိက ပါဝင်တာဖြစ်ပါတယ်။

နိုင်ငံခြားဆက်ဆံရေးခွင့်ပြုချက်အက်ဥပဒေရဲ့ ပုဒ်မ ၇၀၆ (၂) (က)အရ ဘိုလီးဗီးယား၊ မြန်မာနဲ့ ဗင်နီဇွဲလားနိုင်ငံတို့ဟာ နိုင်ငံတကာမူးယစ်ဆေးဝါး နှိမ်နင်းရေး သဘောတူညီချက်မှာပါတဲ့ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို လိုက်နာဖို့ လွန်ခဲ့တဲ့ ၁၂ လအတွင်း ပျက်ကွက်ခဲ့တဲ့အတွက် အခုလို တရားမဝင် မူးယစ်ဆေးဝါး အဓိကထုတ်လုပ်တဲ့ နိုင်ငံတွေအနေနဲ့သတ်မှတ်တာလို့ ဆိုပါတယ်။

အမေရိကန်မှာ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲမှုနှုန်းဟာ နှစ်ပေါင်းများစွာ သိသိသာသာ တိုးလာပြီးနောက်  ၂၀၂၂ ခုနှစ်မှာ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံးသူ ၁၀၉,၀၀၀  ကျော်ရှိတယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာတွေရဲ့ ပဏာမအချက်အလက်တွေအရ သိရပါတယ်။

၂၀၂၄ ဘဏ္ဍာနှစ် ဘတ်ဂျက်မှာ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးအစီအစဥ်အေဂျင်စီ တွေအတွက် အမေရိကန် ဒေါ်လာ ၄၆ ဒသမ ၁ ဘီလီယံထိ ပိုမိုများပြားတဲ့ သမိုင်းဝင်ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

ဒါဟာ မနှစ်ကပြဋ္ဌာန်းခဲ့တာထက်  ဒေါ်လာ ၂  ဘီလီယံကျော်ပိုတိုးမြှင့် တောင်းဆိုလိုက်တာဖြစ်ပြီး နယ်နိမိတ်ကျော်လွန်တဲ့ တရားမဝင်ဆေးဝါး ထုတ်လုပ်မှုတွေ လျှော့ချရေးမှာ သိသာထင်ရှားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်မှာဖြစ်ပါတယ်။

ကမ္ဘာပေါ်က နိုင်ငံတိုင်းနဲ့ ဒေသတိုင်းဟာ ဓာတုဆေးဝါးတွေရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပြီး ဒီစိန်ခေါ်မှုကို ရင်ဆိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုဟာ ဓာတုဆေးဝါးအန္တရာယ်တွေကို ဖြေရှင်းဖို့ ကမ္ဘာလုံးဆိုင်ရာညွန့်ပေါင်းအဖွဲ့အသစ်ကို ၂၀၂၃ ခုနှစ် နွေရာသီမှာ  စတင်ဖွဲ့ စည်းခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ဘိန်းဖြူနဲ့ မက်သာဖက်တမင်း စိတ်ကြွမူးယစ်ဆေးတွေ တရားမဝင် ထုတ်လုပ် ရောင်းဝယ်ဖောက်ကားမှုပြုလုပ်တဲ့ အဆိုးဆုံး နိုင်ငံတနိုင်ငံအဖြစ် မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး(UNODC)ရဲ့ နှစ်ပတ်လည်အစီရင်ခံစာတွေမှာ ကာလရှည်ကြာ သတ်မှတ် ဖော်ပြခံထားရတာပါ။

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်ဟာ ဘိန်းဖြူနဲ့ မူးယစ်ဆေးဝါးထွက်ရှိတဲ့ ဗဟိုချက်နေရာ ဖြစ်ပြီး အဲဒီကမှ တရားမဝင် မူးယစ်ဆေးဝါးတွေကို တရုတ်နဲ့ ထိုင်းနိုင်ငံတွေကတဆင့် ကုန်းလမ်းကြောင်းကနေ မှောင်ခိုကူးတာမှာ စစ်ဆေးမှုတွေ ပိုမိုတင်းကျပ်လာနေလို့ ရေလမ်းကြောင်းကနေ မှောင်ခိုတင်သွင်းလာနေတယ်လို့ UNODC က ပြောထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့  အိန္ဒိယနိုင်ငံတွေဆီကိုလည်း မြန်မာနိုင်ငံထုတ် မက်သာဖက်တမင်း စိတ်ကြွဆေးပြားတွေ အများအပြားကိုလည်း တင်ပို့နေတယ်လို့  UNODC က ပြောထား ပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ၂၀၂၁ ခုနှစ်ဆန်းပိုင်း စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း စိတ်ကြွမူးယစ်ဆေးပြားမျိုးစုံကို  ဈေးနှုန်းချိုသာစွာနဲ့ အလွယ်တကူ  ပေါပေါများများ ဝယ်ယူ ရရှိနိုင်နေတာ ဖြစ်ပါတယ်။

Source -WH.GOV

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013