DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်က “ပဒေသာဗုံး”များ အသုံးပြုပြီး အရပ်သားများကို တိုက်ခိုက်နေ
DVB
·
September 18, 2023
မြန်မာစစ်တပ်က “ပဒေသာဗုံး”များ အသုံးပြုပြီး အရပ်သားများကို တိုက်ခိုက်နေ
Donate to DVB

စစ်ကောင်စီတပ်တွေဟာ   'ပဒေသာဗုံး'လို့ခေါ်တဲ့ အတွဲလိုက် ဆင့်ကွဲပေါက်စေတဲ့ ဖျက်အားပြင်း ကလပ်စတာဗုံးတွေနဲ့ ပြည်သူတွေနေတဲ့ နေရာတွေကို တိုက်ခိုက်နေတယ်လို့ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းတခုဖြစ်တဲ့ Cluster Munition Coalition (CMC) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

မြန်မာစစ်တပ်ဟာ ပဒေသာဗုံးတွေကို စစ်အာဏာသိမ်းပြီးစ အချိန်ကစပြီး ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ အရပ်သားတွေကို တိုက်ခိုက်ရာမှာ အသုံးပြုခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။                                                             

ပဒေသာ ဗုံးတွေကို အသုံးပြုပြီး ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့ကို လေကြောင်းကတိုက်ခိုက်ခဲ့တာကို မှတ်တမ်းတွေအရ သိရတယ်လို့ အခု ဩဂုတ်လကုန်ပိုင်းမှာ ထုတ်ပြန်တဲ့ CMC ရဲ့ အစီရင်ခံစာက ဆိုပါတယ်။             

ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့က မင်းတပ်မြို့နယ်ရှိ ပန်းပါကျေးရွာကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ် ၁ ယောက် အပါအဝင် ၃ ယောက် သေဆုံး၊ ၇ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဇူလိုင် ၈ ရက်နေ့ကလည်း မရှိန်းလှော်အုပ်စု၊ ဝုန်းခုန်ကျေးရွာကို ဂျက်တိုက်လေယာဉ်နဲ့ တိုက်ခိုက်ခဲ့ပြီး ကလေး ၁ ယောက် အပါအဝင် ၃ ယောက် သေဆုံး၊ ၁ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှု ၂ ခုစလုံးမှာ ပေါင် ၅၀၀ ဗုံးထဲ ထည့်ထားတဲ့ ပဒေသာ ဗုံးတွေ အသုံးပြုပြီးတိုက်ခိုက်ခဲ့တယ်လို့ CDF မင်းတပ်ရဲ့ သတင်း၊ ပြန်ကြားရေးနဲ့ မှတ်တမ်းဌာနဆီက သိရပါတယ်။

မှတ်တမ်းဌာန တာဝန်ခံတယောက်က “ကလပ်စတာဗုံးတွေအသုံးပြုပြီး ဆေးရုံတွေ ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေကို စစ်တပ်က အဓိက တိုက်ခိုက်နေ ပါတယ်” လို့ ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း အဲဒီတိုက်ခိုက်မှုအပြီးမှာ ထပ်ဆင့်ပေါက်ကွဲဗုံး အပိုင်းအစတွေတွေ့ရတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင်ရရှိထားတဲ့ တခြားမှတ်တမ်းတွေအရလည်း မြန်မာစစ်တပ်ဟာ ပဒေသာဗုံးတွေ အသုံးပြုပြီး အရပ်သားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်နေတာလို့ အစီရင်ခံစာက ဆိုပါတယ်။

ဒီဗုံးတွေဟာ မြန်မာစစ်တပ်ရဲ့ လက်နက်ပစ္စည်းထုတ်လုပ်စက်ရုံ “ကပစ” မှာ ထုတ်လုပ်တာနဲ့ ပုံစံတူပေမဲ့ ရရှိထားတဲ့ မှတ်တမ်းပုံတွေမှာတော့ ဘယ်မှာထုတ်လုပ် တပ်ဆင်တယ်ဆိုတဲ့ အမှတ်အသား မတွေ့ရဘဲ အင်္ဂလိပ်စာနဲ့ ထိုင်းစာကို တွေ့ရတာကြောင့် ဗုံးရဲ့ သံမဏိကိုယ်ထည့်ကိုတော့ ထိုင်းမှာ ထုတ်လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

CMC ရဲ့ သုတေသီတယောက်က “မြန်မာနိုင်ငံမှာ ကလပ်စတာဗုံးတွေထုတ်လုပ်ပြီး အရပ်သားတွေကို သတ်ဖြတ်နေတယ်။ နိုင်ငံတကာက တားမြစ်ထားတဲ့ ကလပ်စတာဗုံး အသုံးပြုမှုကို အစိုးရအားလုံး ရှုတ်ချသင့်တယ်” လို့ ပြောပါတယ်။

ပဒေသာဗုံးဆိုတာ ဗုံးအကြီးကနေ ဗုံးအသေးစားလေးတွေ ခွဲထွက်ပေါက်ကွဲစေပြီး ကျတဲ့ နေရာတဝိုက်မှာ ရှိတဲ့လူတွေကို သေစေနိုင်ပါတယ်။

မပေါက်ကွဲဘဲကျန်ခဲ့တဲ့ ဗုံးတွေကလည်း မြေပြင်မှာနှစ်နဲ့ချီ မပေါက်ကွဲဘဲနေပြီးမှ ထပြီးပေါက်ကွဲတတ်တဲ့ ဗုံးအမျိုးအစားဖြစ်ပြီး အဲဒီဗုံးတွေကို အမြောက်တွေ၊ ဒုံးကျည်တွေနဲ့ လေယာဉ်ပေါ်ကပစ်ချတဲ့ ဗုံးတွေမှာ အဓိကအသုံးပြုတယ်လို့ သိရပါတယ်။

ပဒေသာဗုံးတွေ အသုံးပြုမှုကို တားမြစ်တဲ့ သဘောတူညီချက်ကို နိုင်ငံပေါင်း ၁၂၃ နိုင်ငံက လက်မှတ်ရေးထိုးခဲ့ပေမယ့် မြန်မာနိုင်ငံတော့ မပါဝင်သေးဘူးလို့ သိရပါတယ်။

ဒီအတွက် နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာနိုင်ငံကို ဒီစာချုပ်မှာ ပါဝင် လက်မှတ် ရေးထိုးလာအောင်တိုက်တွန်းဖို့နဲ့ အခုလိုဗုံးတွေသုံးနေတဲ့အပေါ် ကြေညာချက်တွေ ဆုံးဖြတ်ချက်တွေ အပါအဝင် အခွင့်အလမ်းမှန်သမျှကိုသုံးပြီး ကန့်ကွက်ရှုတ်ချဖို့ကို CMC က တောင်းဆိုထားပါတယ်။

ဆင့်ကွဲပေါက်ကွဲစေတဲ့ခဲယမ်းစောင့်ကြည့်ရေးအဖွဲ့ CMC အဖွဲ့ဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ အခြေစိုက်ပြီး ၂၀၀၃ ခုနှစ် နိုဝင်ဘာလက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013