
ကနေဒါနိုင်ငံသားတွေဟာ မြောက်အတ္တလန္တိတ်ကို ဖြတ်ပြီး အလွန်မြန်မြန်ဆန်ဆန် ရွေ့လျားနေတဲ့ ဟာရီကိန်း လီ ဝင်ရောက်လာမှုအတွက် စက်တင်ဘာ ၁၅ ရက်မှာ ပြင်ဆင်နေကြပါတယ်။
ဟာရီကိန်း လီ ဟာ သီတင်းပတ်ကုန်ရက်တွေအတွင်း အဲဒီဒေသကို အသက်အန္တရာယ်ရှိတဲ့ မုန်တိုင်း အဖြစ် ရောက်ရှိလာမှာဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့ လေပြင်းတိုက်ခတ်ခြင်းတွေ ရှိလာမယ် လို့ ခြိမ်းခြောက်နေတာပါ။
နိုဗာစကိုရှာ ကမ်းရိုးတန်းပြည်နယ်မှ ဒေသခံတွေဟာ ဓာတ်အားလိုင်းတွေကို ခိုင်ခံ့အောင် လုပ်နေပြီး ဆိပ်ကမ်းတခုမှ လှေတွေကို ဖယ်ရှားနေကြတာကို မြင်တွေ့ရပါတယ်။
ဟာရီကိန်း လီဟာ သောကြာနေ့မှာ နယူးအင်္ဂလန် နဲ့ ကနေဒါအရှေ့ပိုင်းကို ဦးတည်ခဲ့ပြီး နိုဗာစကိုရှာ အနောက်တောင်ပိုင်းမှာ ကုန်းတွင်းပိုင်း မဝင်ရောက်ခင်မှာ ဟာရီကိန်းအဆင့်ကနေ အားကောင်းတဲ့ အပူပိုင်းမုန်တိုင်းအဆင့်ကို အားပျော့သွားမယ်လို့ ခန့်မှန်းထားပြီး စက်တင်ဘာ ၁၆ ရက် နှောင်းပိုင်းမှာ အားပြင်းတဲ့ အပူပိုင်းမုန်တိုင်းအဖြစ် တိုက်ခတ်မယ်လို့ မျှော်လင့်ရကြောင်း ကနေဒါ ဟာရီကိန်း စင်တာက ပြောပါတယ်။
“ဒီမုန်တိုင်းက ကမ်းရိုးတန်းနဲ့ နီးကပ်လာတာနဲ့အမျှ ဟာရီကိန်းမုန်တိုင်းပြင်းအားလောက်နီးနီး အားကောင်းတဲ့ မုန်တိုင်းကြီး တခု ဖြစ်နေဆဲပါပဲ”လို့ ပတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကနေဒါသုတေသီ ဘော့ဘ် ရိုဘီချောက်ဒ်က ပြောပါတယ်။
အဲဒါတောင်မှ မုန်တိုင်းဟာ မိုးရေချိန် ၄ လက်မ အထိ ကျဆင်းနိုင်ပြီး တချို့နေရာတွေမှာ လေတိုက်နှုန်းက တနာရီ မိုင် ၆၀ အထိ ရှိနိုင်တာကြောင့် အမေရိကန်နဲ့ ကနေဒါ တာဝန်ရှိသူတွေဟာ ရေကြီးမှုနဲ့ ဓာတ်အားပြတ်တောက်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ ဒေသခံတွေကို တိုက်တွန်းထားပါတယ်။
Source/Photo-Reuters











