
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ကျထိုးရဲစခန်းကို စက်တင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ရဲ ၁ ယောက် သေဆုံးခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း ၁၃ ဆီက သိရပါတယ်။
ပခုက္ကူခရိုင်တပ်ရင်း ၁၃ ရဲ့ရှေ့တန်းနေရာတွေကို ကျထိုးရဲစခန်းက ရဲတွေက ၄၀မမ တွေ၊ စက်ကလေးတွေ၊ G3၊ G4 လက်နက်တွေနဲ့ ပစ်ခတ်နေတာကြောင့် အခုလို သွားပစ်ခဲ့တာလို့ ပခုက္ကူခရိုင်တပ်ရင်း ၁၃ တာဝန်ရှိသူတယောက်က ဆိုပါတယ်။
အဖွဲ့တာဝန်ရှိသူက “သူတို့ဘက်က ၄၀ မမ ၄ ချက် စက်ကလေး၊ G3၊ G4 တွေနဲ့ ပစ်တာပါ အဲကနေ။ ကျနော် တို့ စစ်ကြောင်း ၃ ခု ဆင်ပြီး ပြန်ဝိုင်းပြီး စခန်းကို တိုက်တာပါ၊ အပြန်အလှန် ပစ်ပါတယ်။ မိနစ် ၂၀ လောက်ကြာပါတယ်” လို့ ပြောပါတယ်။
ကျထိုးရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ချိန်မှာ ရဲတယောက် လဲကျသေဆုံးတာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မြင်တွေ့ခဲ့ရပြီး ရဲတွေက ပြန်ပစ်ခတ်နေတာကြောင့် သေနတ်မကောက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။
ပခုက္ကူခရိုင်တပ်ရင်း ၁၃ ကရဲဘော်တွေကတော့ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ် လို့ သိရပါတယ်။











