
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ပလောင်ကုန်းစံရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စက်တင်ဘာ ၁၅ ရက်နေ့ ညနေ ၄ နာရီ အချိန်က တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အနီးအနားမှာရှိတဲ့ ဒေသခံတယောက်က “သူတို့ မြေပြင်မှာတိုက်ပွဲ ဖြစ်ပြီး မကြာဘူး။ လေယာဥ်နဲ့ ဗုံး ၃လုံးလာကျဲတယ်၊ လူအထိခိုက်တော့မရှိဘူး။ အကုန်လုံး ထွက်ပြေးနေကြတာ။ ပျက်စီးတာလည်း မသိရသေးဘူး” လို့ ပြောပါတယ်။
ပလောင်ကုန်းစံရွာမှာ စစ်ကောင်စီတပ် နဲ့ TNLA၊ PDF ပူးပေါင်းတပ်တို့ စက်တင်ဘာ ၁၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ မိုးကုတ်အခြေပြု တပ်ရင်းတွေဆီက သိရပါတယ်။
အဲဒီနေ့ကစပြီး မိုးကုတ် ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ စက်တင်ဘာ ၁၅ ရက်နေ့အထိ နေ့တိုင်းပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မိုးကုတ်မြို့နေ ဒေသခံတယောက်က “တရက်ကို ၅ ချက်လောက်ပစ်တယ်၊ ဗျူဟာကုန်းကနေပစ်တယ်။ ပစ်တာတော့ ဝေးတယ်။ ကုန်းစံဘက်မှာ တိုက်ပွဲဖြစ်နေတော့ အဲနေရာကို လှမ်းပစ်ကူတယ်လို့ ထင်တယ်။ မြို့ထဲမဟုတ်ဘူး” လို့ ပြောပါတယ်။
မိုးကုတ်မြို့၊ ကုန်းစံကျေးရွာကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးပြီး မြေပြင်မှာ ထိတွေ့တိုက်ပွဲပြင်းထန်နေတာကြောင့် ကုန်းစံကျေးရွာ၊ ဖြူရောင်ကျေးရွာနဲ့ ညောင်ကုန်းကျေးရွာက ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။











