
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်မှာ ရေကြီးရေလျှံမှုကြောင့် လွတ်မြောက်သွားတဲ့ မိကျောင်းအကောင် ၇၀ နီးပါးကို ရှာဖွေဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ စီစီတီဗီ နိုင်ငံပိုင် ရုပ်သံဌာနက သတင်းဖော်ပြပါတယ်။
မော်မင်းမြို့ရဲ့ ကျေးရွာတခုမှာရှိတဲ့ မွေးမြူရေးခြံကနေ ဒီမိကျောင်းတွေ လွတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုအတွင်း ရေလွှမ်းမိုးမှုကြောင့် ပြိုကျပျက်စီးသွားတဲ့ ခြံဝင်းနံရံတွေရဲ့ အပေါက် နှစ်ခုကနေ မိကျောင်းကြီးတွေက ထွက်ပေါက်ရှာတွေ့သွားခဲ့တာပါ။
ဒေသဆိုင်ရာ အာဏာပိုင်တွေကတော့ ရှာဖွေရေးနဲ့ ရေစုပ်ထုတ်ရေး လုပ်ငန်းစဉ်ကို စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
စီစီတီဗီရဲ့ ရုပ်သံမှတ်တမ်းအရ မိကျောင်းတကောင် ဖမ်းဆီးရမိခဲ့တဲ့အပြင် မြေပြင်ပေါ်မှာ ကြိုးတွေနဲ့အတူ တုပ်နှောင်ထားတာကိုပါ တွေ့ရပါတယ်။
ဒီရုပ်သံမှတ်တမ်း ထုတ်လွှင့်နေချိန်မှာ မိကျောင်းအကောင် ၃၀ အထိ ရှာဖွေဖမ်းဆီးထားပြီး ဖြစ်တယ်လို့ စီစီတီဗီ သတင်းဌာနက အတည်ပြုပါတယ်။
Source/Photo-Reuters










