
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ မဘိမ်းမြို့နယ်ထဲမှာ ရေကြီးရေလျှံဖြစ်လို့ ဒေသခံတွေ ရေဘေးဒဏ်ခံရချိန်မှာ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုထပ်ခံရလို့ အရပ်သား ၄ ယောက် သေဆုံးကာ ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ဩဂုတ် ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ဇူလိုင် လကုန်ပိုင်းက တရုတ်နိုင်ငံမှာ ရွှေလီမြစ်အထက်ပိုင်းရှိ ဆည်ရေတွေ ဖောက်ချတာကြောင့် ရွှေလီမြစ်နဲ့ နမ့်ပေါ့ချောင်းရေ မြင့်တက်ပြီး မဘိမ်းမြို့ မြစ်ချောင်းအနီးတဝိုက် ရပ်ကွက်နဲ့ ကျေးရွာတွေထဲ ရေတွေ ဝင်ရောက်လာခဲ့ပါတယ်။
ပြည်သူတွေ ရေဘေးဒဏ်ခံနေရချိန်မှာပဲ စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေဟာ ဇူလိုင် ၂၈ မှ ဩဂုတ် ၈ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့လို့ အရပ်သား ၄ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရကာ နေအိမ်အလုံး ၂၀ လောက်နဲ့ မြို့နယ်ဆေးရုံကြီးရဲ့ အဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်တပ်က Y12 တိုက်လေယာဉ် အသုံးပြုပြီး ဇူလိုင် ၂၈ က မဘိမ်းမြို့ ရပ်ကွက် ၂ နဲ့ ၃ ထဲကို လည်းကောင်း၊ ဇူလိုင် ၃၀ က ရပ်ကွက် ၃ နဲ့ ဘဟဲ ကျေးရွာထဲကို လည်းကောင်း၊ ဩဂုတ် ၃ ရက်က ရပ်ကွက် ၂ ထဲကို လည်းကောင်း၊ ဩဂုတ် ၆ ရက်က ရပ်ကွက် ၃ မဘိမ်းဆေးရုံကြီးကို လည်းကောင်း ဗုံးကြဲချခဲ့တာပါ။
မဘိမ်းမြို့နယ်ကို လက်ရှိမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိန်းချုပ်ထားတာကြောင့် စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေတွေနဲ့ ပစ်ခတ်မှုတွေ ရှိနေတာပါ။
ဒါ့အပြင် မဘိမ်းနဲ့ မိုင် ၂၀ ကျော် ကွာဝေးတဲ့ မိုးမိတ်မြို့နယ်ထဲမှာလည်း ဩဂုတ် ၁၁ ရက်ကစ တိုက်ပွဲတွေ ဖြစ်နေပါတယ်။











