
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ချိတ်ဆက်ဆောင်ရွက်တဲ့ ပြည်တွင်း ပြည်ပ အလုပ်အကိုင်အေဂျင်စီတွေကို အရေးယူမယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမား ဝန်ကြီးဌာနက သတိပေးထားတယ်လို့ အေဂျင်စီအသိုင်းအဝိုင်းထံက သိရပါတယ်။
NUG အစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာနက မှတ်ပုံတင်ဖို့ ကျန်ရှိနေတဲ့ အလုပ်အကိုင် အကျိုးဆောင်အေဂျင်စီတွေ မှတ်ပုံတင်စာရင်းသွင်းကြဖို့၊ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းတဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတိပေးတာတွေ လုပ်လာတာလို့ ဆိုပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီ ကိုယ်စားလှယ်တဦးက “NUG နဲ့ ဆက်သွယ်တာ၊ ထောက်ပံ့တာတွေလုပ်ရင် အရေးယူမယ်ဆိုပြီး စကစ အလုပ်သမားဝန်ကြီးရုံးက သတိပေးစာ တနေ့ကမှ ထွက်လာတာ။ အေဂျင်စီတွေကတော့ ဘေးကျပ်နံကျပ် ဖြစ်နေတာပေါ့” လို့ ပြောပါတယ်။
NUG အစိုးရက အေဂျင်စီတွေကို စက်တင်ဘာ ၁၅ ရက် နောက်ဆုံးထား မှတ်ပုံတင်ဖို့ သတိပေးထားတာဖြစ်ပြီး အဲဒီရက်မတိုင်ခင်မှာပဲ စစ်ကောင်စီဘက်က သတိပေးစာ ထွက်လာတာလည်း ဖြစ်ပါတယ်။
NUG အစိုးရ အလုပ်သမားဝန်ကြီးဌာနရဲ့ တိုက်တွန်းချက်မှာ ပြည်သူ့အုပ်ချုပ်ရေး ပြန်လည်စတင်ချိန်မှာ မှတ်ပုံတင်စာရင်း ပေးသွင်းထားတဲ့ အေဂျင်စီတွေကို တည်ဆဲဥပဒေနဲ့ ကျင့်ဝတ်တွေ ချိုးဖောက်ထားမှု ရှိ မရှိ စိစစ်ပြီးမှသာ လိုင်စင်ထုတ်ပေးပြီး လုပ်ငန်းဆောင်ရွက်ခွင့်ပြုမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အေဂျင်စီတချို့နဲ့ လုပ်သားစုဆောင်းသူ ပွဲစားတွေရဲ့ ကျင့်ဝတ်ချိုးဖောက်မှုတွေ၊ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် တည်မြဲရေး ကူညီပံ့ပိုးနေတဲ့ အေဂျင်စီတွေကို စနစ်တကျ စာရင်းပြုစုထားရှိပြီး အမည်ပျက်စာရင်း (Blacklist) ကြေညာကာ ကြားကာလ တရားမျှတမှု ဖော်ဆောင်ရာမှာ ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့လည်း သတိပေးထားပါတယ်။
စစ်ကောင်စီဘက်က အေဂျင်စီတွေကို NUG အစိုးရနဲ့ ချိတ်ဆက်ပူးပေါင်းမှာ စိုးရိမ်နေပြီး သတိပေးတာအပြင် စောင့်ကြည့်စစ်ဆေးတာတွေပါ ရှိလာနိုင်တယ်လို့ အေဂျင်စီအသိုင်းအဝိုင်းက ဆိုပါတယ်။
NUG အစိုးရက အေဂျင်စီတွေကို တိုက်တွန်းမှုပြုလုပ်နေသလို ပြည်ပရောက် အလုပ်သမားတွေ စစ်ကောင်စီညွှန်ကြားတဲ့ မိသားစုထံ လွှဲပို့ငွေကို ဘဏ်ကနေ လွှဲဖို့ဆိုတဲ့ အချက် လိုက်နာစရာ မလိုဘူးလို့လည်း ကြေညာထားပါသေးတယ်။
လက်ရှိမှာ စစ်ကောင်စီထံ တရားဝင်မှတ်ပုံတင်ထားတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၄၇၀ နီးပါးနဲ့ ပြည်တွင်းအလုပ်အကိုင်အေဂျင်စီ ၈၀ နီးပါးရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။