DVB Logo
Home
မြန်မာသတင်း
တရုတ်အာလူးများ ဝင်ရောက်လာသဖြင့် ဒေသထွက်အာလူးများ ဈေးထိုးကျ
DVB
·
September 14, 2023
တရုတ်အာလူးများ ဝင်ရောက်လာသဖြင့် ဒေသထွက်အာလူးများ ဈေးထိုးကျ
Donate to DVB

ပြည်တွင်းစျေးကွက်ထဲ တရုတ်အာလူးတွေ အများအပြားဝင်လာပြီး ရောင်းအားကောင်းလာတာကြောင့် ဒေသထွက်အာလူးတွေ အရောင်းအဝယ် မရှိသလောက် နည်းပါးနေတယ်လို့ အာလူးရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။

တရုတ်အာလူးတွေဟာ အရောင်းသွက်လာတာကြောင့် စျေးနှုန်းမြင့်တက်လာပြီး ဒေသထွက် အာလူးတွေဟာ အရောင်းအဝယ်နည်းတာကြောင့် စျေးနှုန်းထိုးကျခဲ့ပါတယ်။

တရုတ်အာလူးတွေဟာ သြဂုတ်အကုန်က တပိဿာကို ကျပ် ၂,၁၀၀ သာရှိပြီး စက်တင်ဘာ ၁၃ ရက်နေ့မှာ တပိဿာကို ကျပ် ၂,၅၀၀ အထိ စျေးနှုန်းမြင့်တက်လာပြီး ဒေသထွက် အာလူးစျေးမှာလည်း သြဂုတ်အကုန်က တပိဿာကို ကျပ် ၂,၅၀၀ ရှိပေမဲ့ စက်တင်ဘာ ၁၃ ရက် စျေးနှုန်းအရ တပိဿာကို ကျပ် ၂,၀၀၀ အထိ ကျဆင်းခဲ့ပါတယ်။

အောင်ပန်းကုန်စိမ်းရောင်းဝယ်သူတဦးက “ဒေသထွက်အာလူးဟာ ခုထိ စျေးကွက်ထဲ အဝင်တွေရှိပေမဲ့ ဝယ်မယ့်သူက​နည်းတော့ စျေးထိုးကျသွားတာပါ။ တရုတ်အာလူးက အရည်အသွေး သိပ်မကောင်းပေမဲ့ အလုံးကြီးပြီး သန့်တော့ အဝယ်များတယ်။ ဒေသထွက် အာလူးက ဇူလိုင်အကုန်က စျေး ၃,၃၀၀ အထိကို မြင့်တက်ခဲ့တာ။ အခုတော့ ကျပ် ၂,၀၀၀ လောက်ပဲ ရှိတော့တာ။ ၂,၀၀၀ ဆိုတာ အသန့်နော်၊ အညံ့စားဆို ၁,၇၀၀ လောက်ပဲ ရတော့တာ” လို့ ပြောပါတယ်။

တရုတ်နိုင်ငံထွက် အာလူးတွေ တရားမဝင်လမ်း​ကြောင်း​က စျေးပေါပေါနဲ့ဝင်လာပြီး အရောင်းအဝယ်ကောင်းလာမှ စျေးမြင့်တက်လာတာဖြစ်တယ်လို့ နောင်တရားရှိ အာလူးစျေးကွက် လေ့လာစောင့်ကြည့်သူတဦးက ပြောပါတယ်။

“တရုတ်အာလူးတွေက တရားမဝင် လမ်းကြောင်းကနေ ပြည်မထဲထိ တောက်လျှောက်ဝင်လာတယ်။ ထိန်းပေးမယ့်သူလည်း မရှိကြဘူး။ အာလူးမှမဟုတ်ဘူး၊ ဂျုံတို့ ကြက်သွန်တို့လည်း အကန့်အသတ်မရှိ ဝင်လာတယ်။ ကျနော်တို့လိုချင်တာက တရုတ်အာလူးတွေကို လုံးဝမသွင်းရတာမဟုတ်ဘူး၊ လိုအပ်သလောက်ပဲ သွင်းစေချင်တာ။ တရုတ်အာလူးတွေဟာ စဝင်တုန်းက စျေးတော်တော်နဲ့ ဝင်လာတာ၊ စားသုံးသူတွေ အစားများလာမှ တဖြည်းဖြည်းနဲ့ စျေးမြင့်သွားတာ။ အာလူးမှမဟုတ်ဘူး၊ တခြားသီးနှံတွေလည်း ပြည်ပကတင်သွင်းတာကို စနစ်တကျ ကန့်သတ်ပေးသင့်နေပါပြီ။”

အာလူးဟာ တခြားကုန်တွေထက် အရင်းအနှီးများတာကြောင့် ရာသီဥတုနဲ့ စျေးကောင်းမရတဲ့ အတွက် အာလူးစိုက်တောင်သူတွေ အရှုံးပေါ်နေတယ်လို့ အာလူးစိုက်တောင်သူတဦးက ပြောပါတယ်။

တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ နဲ့ နယ်စပ်ပြဿနာတွေကို အကြောင်းပြပြီး မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံဘက် ကုန်တင်သွင်းမှုတွေကို ကုန်ပစ္စည်းတွေ နယ်စပ်ရောက်မှ မကြာခဏ ပိတ်ဆို့တာကြောင့် မြန်မာကုန်သည်တွေနဲ့ စိုက်တောင်သူတွေ အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ အာလူးကို ရှမ်းပြည်နယ်မှာ ရေသွင်းစိုက်ပျိုးတဲ့ ရေအာလူးနဲ့ ကုန်းတွင်းပိုင်းမှာ စိုက်ပျိုးတဲ့ မိုးအာလူးလို့ အဓိကစိုက်ပျိုးကြပြီး ဧရာဝတီ၊ မန္တလေးနဲ့ မကွေးတိုင်းဒေသတို့က ကျွန်းမြေနဲ့ သဲချောင်းတွေမှာလည်း စိုက်ပျိုးကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013