DVB Logo
Home
နိုင်ငံတကာ
ရုရှားသမ္မတပူတင်က ကင်မ်ဂျုံအန်းကို  ဗော့စ်တော့ခ်ျနီ အာကာသဒုံးပျံလွှတ်စခန်း၌ တွေ့ဆုံ
DVB
·
September 13, 2023
ရုရှားသမ္မတပူတင်က ကင်မ်ဂျုံအန်းကို  ဗော့စ်တော့ခ်ျနီ အာကာသဒုံးပျံလွှတ်စခန်း၌ တွေ့ဆုံ
Donate to DVB

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို ရုရှားနိုင်ငံရဲ့ ခေတ်အမီဆုံး အာကာသဒုံးပျံလွှတ်တင်ရေးနေရာဖြစ်တဲ့ ဗော့စ်တော့ခ်ျနီ အာကာသစခန်းမှာ စက်တင်ဘာ ၁၃ ရက်က  ကြိုဆိုခဲ့ပါတယ်။

ဗော့စ်တော့ခ်ျနီ အာကာသစခန်းဟာ တရုတ်နယ်စပ်နဲ့ မနီးမဝေး ရုရှားနိုင်ငံအရှေ့ပိုင်း သစ်တောတွေကြားမှာ တည်ရှိပါတယ်။ 

ပူတင်က ကင်မ်ကို “တွေ့ရတာ ဝမ်းသာပါတယ်” လို့ စက္ကန့် ၄၀ လောက် လက်ဆွဲနှုတ်ဆက်ရင်း "ဒါက ကျနော်တို့ရဲ့ အာကာသစခန်းအသစ်ပါ" လို့ ပြောဆိုခဲ့ပါတယ်။  

ကင်မ်ကလည်း စကားပြန်ကနေတဆင့် ဖိတ်ကြားမှုနဲ့ နွေးနွေးထွေးထွေး ကြိုဆိုမှုအတွက် ကျေးဇူးတင်ကြောင်း တုံ့ပြန် ပြောကြားခဲ့ပါတယ်။

ပူတင်က ကင်မ်ကို ရုရှားနိုင်ငံရဲ့ အာကာသပိုင်း မြှင့်တင်အားဖြည့်ပေးမှု အသစ်ဖြစ်တဲ့ အန်ဂါရာမှ အဆောက်အဦ ပတ်ပတ်လည်ကို လှည့်လည်ပြသခဲ့ပြီးတော့ ၄၂ ဒသမ ၇ မီတာ ရှည်လျားတဲ့ ဒုံးပျံကိုလည်း ကမ္ဘာပတ်လမ်း အနိမ့်ပိုင်းထဲကို လွှတ်တင်ခဲ့ကြောင်း ရုရှားမီဒီယာတွေမှာ ဖော်ပြပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ သူနဲ့ ကင်မ်တို့ စစ်ရေးကိစ္စတွေကို ဆွေးနွေးမှာလားဆိုတဲ့ မေးခွန်းကို ပူတင်က ပြဿနာအားလုံးကို ဆွေးနွေးသွားမယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ဆွေးနွေးပွဲကို ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂူ တက်ရောက်ခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ရုရှားကို လက်နက်တွေ ပေးအပ်နေတယ်လို့ အမေရိကန်က စွပ်စွဲထားပေမယ့် ဘယ်လိုပေးပို့မှုမျိုးတွေ လုပ်ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အဲဒီစွပ်စွဲချက်တွေကို ရုရှားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံစလုံးက ငြင်းဆိုထားပေမယ့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်သွားမယ်လို့ ကတိပြုထားကြပါတယ်။

ရုရှားနိုင်ငံဟာ အနောက်နိုင်ငံတွေနဲ့ မြင့်မြတ်တဲ့စစ်ပွဲကို တိုက်ခိုက်နေတာဖြစ်ပြီး နှစ်နိုင်ငံဟာ “နယ်ချဲ့ဝါဒ”ကို အတူတကွ တိုက်ပွဲဝင်နေတာဖြစ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက ကရင်မလင် အကြီးအကဲ ဗလာဒီမာပူတင်ကို ပြောဆိုခဲ့ပါတယ်။

ရုရှားနိုင်ငံနဲ့ မြောက်ကိုရီးယားရဲ့ အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုနဲ့ ဆက်ဆံရေးကို ပိုမိုတိုးတက်စေဖို့က မြောက်ကိုရီးယားရဲ့ မယိမ်းယိုင်တဲ့ အနေအထားဖြစ်တယ်လို့ ပူတင်နဲ့ တွေ့ဆုံမှုအဖွင့်ပိုင်းမှာ ကင်မ်က ပြောပါတယ်။

ရုရှားနိုင်ငံကို ရောက်ရှိလာချိန်ဟာ ရုရှားနိုင်ငံရဲ့ အရမ်းအရေးကြီးတဲ့အချိန် ဖြစ်နေပြီး နိုင်ငံတော်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေပေမယ့် ခုလို ဖိတ်ခေါ်ခဲ့တဲ့အတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ ရုရှားရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို အာကာသပါဝါအဖြစ် ကိုယ်တိုင် မျက်စိနဲ့ မြင်တွေ့နိုင်ခဲ့ပြီလို့ ကင်မ်က ပြောပါတယ်။

ပူတင်ကလည်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေအပြင် ဒေသတွင်းအခြေအနေတွေကိုပါ ဆွေးနွေးဖို့ လိုအပ်ကြောင်းနဲ့ ဆွေးနွေးစရာကိစ္စတွေလည်း အများကြီး ရှိနေကြောင်း ပြောဆိုပါတယ်။ 

နိုင်ငံတကာမှာ အထီးကျန်ဆန်လာနေတဲ့ နှစ် နိုင်ငံခေါင်းဆောင်တွေအကြား ထိပ်သီးဆွေးနွေးပွဲကို ဝါရှင်တန်နဲ့ သူ့မဟာမိတ်တွေက အနီးကပ်စောင့်ကြည့်နေကြပြီး လက်နက်နဲ့ ကာကွယ်ရေး နည်းပညာတွေကို ရောင်းဝယ်ဖောက်ကားဖို့ သဘောတူနိုင်တယ်လို့ သံသယရှိနေကြပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013