
စစ်အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့လို့ ဖမ်းဆီးခံထားရတဲ့ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှ လူငယ် ၄ ဦးကို ဖျာပုံခရိုင်စစ်ကောင်စီ တရားရားရုံးက သေဒဏ်ချလိုက်တယ်လို့ ဒေသခံသတင်းရင်းမြစ်ကနေ သိရပါတယ်။
အသက် ၂၀ ဝန်းကျင်အရွယ် ကိုဇော်ဝင်းထွန်း၊ ကိုနိုင်ဝေလင်း၊ ကိုမင်းသူအောင်နဲ့ ကိုပြည့်စုံဖြိုး တို့ကို စက်တင်ဘာလ ၁၂ နေ့မှာ ဖျာပုံခရိုင် တရားသူကြီး ဒေါ်သူဇာအေးက ရာဇသတ်ကြီးအမှတ် ၃၀၂/(၁)(ခ) နဲ့ သေဒဏ်ချမှတ်လိုက်တာဖြစ်တယ်လို့ လူငယ်တွေနဲ့ နီးစပ်တဲ့ ဒေသခံ တဦးက ပြောပါတယ်။
ဖျာပုံခရိုင်တရားရုံးက အမိန့်ချပြီးနောက် အဲဒီ လူငယ်လေးယောက်ကို ခေါင်းစွပ်စွပ်ကာ လုံခြုံ ရေးအင်အားအများအပြားနဲ့ ပုသိမ်ထောင်သို့ ပို့ဆောင်လိုက်တယ်လို့လည်း သိရပါတယ်။
ဘိုကလေးဒေသခံတဦးက “အိမ်စီးကားနဲ့ ခေါင်းစွပ်တွေစွပ်ပြီး ပုသိမ်ကို ပို့တာ။ မိဘတွေနဲ့ ပေးအတွေ့မခံဘူး။ အမိန့်ချပြီးတာနဲ့ လုံခြုံရေးအင်အားအများကြီးနဲ့ တန်းပို့ပစ်တာ” လို့ပြောပါတယ်။
အဆိုပါလူငယ်လေးဦးကို ဘိုကလေးမြို့မ ရဲစခန်းမှာ ချုပ်နှောင်ထားပြီး၊ မနက်ဖြန်ကျမှ ပုသိမ်ထောင်ကို ပို့ဆောင်မယ်လို့ ဒေသခံနောက်တယောက်က ပြောပေမဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
၂၀၂၂ ခုနှစ်အတွင်းက ဘိုကလေးမြို့၊ အမှတ် (၆) ရပ်ကွက်မှာ နေထိုင်တဲ့ ဒလန်လို့ နာမည်ထွက်နေတဲ့ အမျိုးသမီးတယောက်အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဆိုပါ လူငယ်လေးဦး စွပ်စွဲ ဖမ်းဆီး တရားစွဲခံရတာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာ ၁၂ ရက် ထုတ်ပြန်ချက်အရ နွေဦးတော်လှန်ရေးနဲ့ဆက်စပ်ကာ သေဒဏ်ချမှတ်ခံထားရပြီး၊ အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရသူ ၁၀၃ ဦးရှိကာ မျက်ကွယ် သေဒဏ်ချမှတ်ချခံထားရသူ ကတော့ ၄၃ ဦးရှိကြောင်းသိရပါတယ်။










