DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံဝင်ခွင့် တခါသုံးကတ်အတွက် တိုကင်နံပါတ်များကို ရောင်းစားနေ  
DVB
·
September 12, 2023
တရုတ်နိုင်ငံဝင်ခွင့် တခါသုံးကတ်အတွက် တိုကင်နံပါတ်များကို ရောင်းစားနေ  
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ရှိ တရုတ်-မြန်မာနယ်စပ် နန်းတော်ပေါက်နဲ့ ဆင်ဖြူပေါက် ဂိတ်တွေမှာ တာဝန်ကျ စစ်ကောင်စီဝန်ထမ်းတချို့နဲ့ ပွဲစားတွေ ပေါင်းပြီး တခါသုံးကတ်အတွက် တိုကင်နံပါတ်တွေ ရောင်းစားနေတယ်လို့   နယ်စပ်အဝင်အထွက် လုပ်နေသူတွေက ပြောပါတယ်။

တိုကင်တခုကို မြန်မာကျပ်ငွေ ၅ သောင်း  ကနေ ကျပ်  ၁ သိန်းထိ ဈေးပေါက်နေပြီး ပွဲစားတချို့က တရုတ်ငွေ ယွမ် ၄၀၀၊ ၅၀၀ နဲ့ ရောင်းနေကြတာလို့  တိုကင်ဝယ်ခဲ့ရသူတဦးက ပြောပါတယ်။

“တရုတ်ငွေ ၅၀၀ နဲ့ ဝယ်ရတာ”၊ “တိုကင် တခုကို ဒီ တရက် နှစ်ရက်အတွင်း ကျပ် သောင်းချီ၊ သိန်းချီ ဈေးနဲ့ ရောင်းစားနေကြတာ”လို့  တိုကင်ဝယ်လာသူတဦးက ပြောပါတယ်။

မူဆယ်မှာ မနေ့က တိုကင်တွေကို တခု ကျပ် သောင်းချီ၊ သိန်းချီ ရောင်းစားနေတာ ကြားရပေမဲ့ သေချာတော့ မသိရသေးဘူးလို့ မူဆယ်ခရိုင် တာဝန်ရှိသူတဦးက ပြောပါတယ်။

နယ်စပ်ဒေသခံတဦးကတော့ “သူတို့မပါဘဲနဲ့ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာတုန်း။ နာမည်စာရင်းပါတိုင်း မပေးနဲ့လေ။ ပွဲစားတွေ ကျော်လုပ်တိုင်း လဝက က ထုတ်ပေးစရာလား” လို့ ပြောပါတယ်။

တကယ်တန်းစီနေတဲ့ သူတွေက တိုကင်မရတော့ဘဲ ဝယ်ပြီး ဝင်နေရတဲ့ အနေအထား ဖြစ်နေပြီး သက်ဆိုင်ရာ တာဝန်ရှိလူကြီးတွေအနေနဲ့ ဒီကိစ္စ အမြန်ဆုံး ဖြေရှင်းပေးသင့်တယ်လို့ နယ်စပ်နေ ဒေသခံက ပြောပါတယ်။

တခါသုံးကတ်အတွက်တင်မကဘဲ ဆင်ဖြူပေါက်မှာ တရုတ်နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီနဲ့ ဝင်ထွက်မယ့်သူတွေ၊ ဆိုင်ကယ်နဲ့ ကားတွေကိုလည်း အဲဒီဂိတ်မှာ တာဝန်ကျ အဖွဲ့စုံ၊ ပြည်သူ့စစ်၊ ရဲတွေနဲ့ ပွဲစားတွေပေါင်းပြီး နေရာတွေ ရောင်းစားနေကြတာလို့ အဲဒီဂိတ်ကနေ နေ့တိုင်း တနိုင်တပိုင် ပစ္စည်းသယ်ဆောင်နေသူက ပြောပါတယ်။

“ရှေ့ဆုံးမှာက ပြည်သူ့စစ်တွေရဲ့ နေရာ၊ အဲနောက်မှာတော့ သူတို့လူတွေက ပွဲစားတွေကို ပေးထားတာ။ ရဲတွေ၊ အဖွဲ့စုံ နေမှာပေါ့။ ကျနော်တို့က မနက်မိုးမလင်းခင်ကတည်းက တန်းစီလည်း သူတို့ရဲ့နောက်မှာပဲ ရတယ်။”

တရုတ်နယ်စပ်ဘက် ၆ ညအိပ် ၇ ရက် လည်ပတ်ခွင့် တခါသုံးကတ် TBP အတွက် နန်းတော်ဂိတ်မှာတော့ တနေ့ကို လူ ၂၀၀ နှုန်းနဲ့ ခု စက်တင်ဘာ ၁၂ ရက်အထိ နာမည်စာရင်းတွေကို ကောက်ထားပြီးပြီဖြစ်ပြီး ဆင်ဖြူဂိတ်အတွက်လည်း တနေ့ကို လူ ၂၀၀ နှုန်းနဲ့ စက်တင်ဘာ ၁၈ ရက်အထိ နာမည်စာရင်းတွေ ကောက်ထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ဧပြီလဆန်းကတည်းက မူဆယ်မြို့ရှိ တရုတ်နယ်စပ်ဂိတ် လူအဝင်အထွက်ကို ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ပြီး မူဆယ်ခရိုင် အိမ်ထောင်စုရှိသူတွေကို နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီနဲ့ အခုနှစ် ၂၀၂၃ ဇန်နဝါရီ ၂၅ ရက်ကစပြီး လူ ပြန်လည်ဝင်ထွက်ခွင့်ပြုခဲ့ပါတယ်။

စက်တင်ဘာ ၄ ရက် နေ့လယ်ပိုင်းကစ မြန်မာနိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်သူတွေ မည်သူမဆိုကို တရုတ်နယ်စပ်ဘက် ၆ ညအိပ် ၇ ရက် လည်ပတ်ခွင့် တခါသုံးကတ် (TBP) ကို ထုတ်ပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013