
စက်တင်ဘာ ၁၀ ရက် မနေ့က တရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်း ဖက် တပ်ဖွဲ့ဝင် ၂၁ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၁၂ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာတော့ ကင်းပုန်း ဝပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်တွေကို PDF တို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ ကြသလို ဘုတလင်မြို့နယ်မှာလည်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို PDF တို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်းမြို့နယ်မှာတော့ စစ်ကောင်စီ ကား ၂ စီးကို PDF တို့က မိုင်းဆွဲတိုက် ခိုက်ခဲ့ကြလို့ စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးခဲ့ပြီး ယင်းမာပင်မြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီ တပ်တွေက ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆို ပါတယ်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာလည်း အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ KIA တို့ ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး မိုးမောက်မြို့နယ်မှာတော့ စစ်ကောင်စီ တပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေကို PDF တို့က တိုက်ခိုက်ခဲ့ကြလို့ စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးခဲ့ပြီး မန္တလေးတိုင်း၊ ငါန်းဇွန် မြို့နယ်မှာလည်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်တွေကို PDF တို့ က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာတော့ စစ်ကောင်စီ စခန်းကို PDF တပ်တို့က တိုက်ခိုက်သိမ်း ပိုက်ခဲ့ကြပြီး ပေါက်ခေါင်းမြို့နယ်မှာလည်း အကြမ်းဖက်စစ်ကောင်စီ ရဲစခန်းကို PDF တို့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖြူးမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ အ ကြောင်းမဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အ တွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
NUG အစိုးရကတော့ အစိုးရ ဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း နိုင်ငံတဝန်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၂၉၃ ရင်း စုဖွဲ့တည်ဆောက်နိုင်ခဲ့ပြီး တပ်ရင်း အဖြစ် အသိအမှတ်ပြုဖို့ စိစစ်ဆဲ တပ်ရင်း ၆၈ ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ဖွဲ့စည်းနိုင်ခဲ့ပြီလို့ ပြောပါတယ်။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းမှာ ၈ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး မကွေးနဲ့ မန္တလေးတိုင်းတို့မှာ ၁ ကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။











