
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း သြဂုတ် ၂၉ ရက်မှစတင်ကာ နေ့စဥ်ရက်ဆက် မိုးရွာသွန်းနေတာကြောင့် ကျေးရွာ ၃ ရွာမှ ဒေသခံ ၁၅၀၀ ကျော် ရေဘေးဒုက္ခ ကြုံတွေ့နေရပြီး ထမင်းထုပ်တွေ ဝေငှကူညီနေရတယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအ ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
မိုးဆက်တိုက် ရွာသွန်းခဲ့တာကြောင့် ခင်ဦးမြို့နယ်အတွင်း ကျေးရွာ ၁၂ ရွာကျော်မှာ စိုက်ပျိုးပြီး လယ်ဧက ၁၀၀၀ ဝန်းကျင် ရေလွှမ်းမိုးပျက်စီးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ကန့်ဘလူမြို့နယ် ရသားဆည်နဲ့ ခင်ဦးမြို့နယ် ပင်တင်းရေလှောင်ကန်တွေ ပြည်လျှံပြီး ရေလွှမ်းနေ တာကြောင့် အိုင်ပေါက်ကြီး၊ ပင်တင်း၊ ကွမ်းတိုင်း၊ သရက်ကန်၊ တဲကြီး၊ အင်ကြင်းပင်၊ စောကြီး၊ ပေါက်တော၊ သနပ်စိန်၊ ငကျိုင်း၊ ပိတောက်ကုန်း စတဲ့ကျေးရွာတွေက မိုးစပါးစိုက်တောင်သူတွေ အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ ဒေသခံတောင်သူတဦးက ပြောပါတယ်။
ခင်ဦးမြို့မြောက်ဘက် တမိုင်ခန့်အကွာရှိ ရွှေဘို ကန်တော်တူးမြောင်း (OMC) အတွင်းမှ ရေထိန်းဆည်လည်း ပြိုလဲပျက်စီးသွားခဲ့ပြီး ရေစီးနှုန်း တားစီးမရတော့တာကြောင့် လူကူး၊လှည်းကူး တံတားအချို့လည်း ရေနစ်မြုပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ခင်ဦး၊ ရေဦး၊ မူးမြစ်ကူး စစ်ရှောင် ယာယီတံတား ၃ စင်းလည်း မူးမြစ်ရေတိုးနေတာကြောင့် ရေနစ်မြုပ်ပျက်စီးကာ ဒေသတွင်း သွားလာရခက်ခဲနေတယ်လို့ ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းရှိ ဒေသခံတဦးက ပြောပါတယ်။
လမ်းတံတားအချို့ ပျက်စီးသွားတာကြောင့် ကုန်စည်စီးဆင်းမှု ကြန့်ကြာပြီး စစ်ကောင်စီက စားသုံးဆီစျေး ထိန်းချုပ်အရေးယူနေတာကြောင့် ဒေသတွင်း စားသုံးဆီ ရှားပါး ပြတ်လပ်မှုလည်း ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။