
ပဲအများစုမှာ စျေးမြင့်တက်နေပေမယ့် တရုတ်က ပဲတီစိမ်းအဝယ်နည်းသွားတာကြောင့် အခုအပတ်အတွင်း ပဲတီစီမ်းစျေး ကျဆင်းနေတယ်လို့ ပဲရောင်းဝယ်ရေးကုန်စည်ဒိုင်တွေဆီက သိရပါတယ်။
မန္တလေးကုန်စည်ဒိုင်စျေးနှုန်းအရ ပဲတီစိမ်းစျေးဟာ စက်တင်ဘာအစက ပဲတီစိမ်း အညံ့စား တအိတ် (ပိဿာ၂၀) ကို ကျပ် ၅၅,၀၀၀၊ ပဲတီစိမ်းရွေဝါ တအိတ် (ပိဿာ ၂၀) ကျပ် ၇၄,၀၀၀ ရှိပေမဲ့ စက်တင်ဘာ ၁၀ ရက် စျေးနှုန်းအရ ပဲတီးစိမ်းအညံ့စားတအိတ် (ပိဿာ၂၀) ကို ကျပ် ၄၇,၀၀၀၊ ပဲတီစိမ်းရွေဝါတအိတ် (ပိဿာ ၂၀) ကို ကျပ် ၆၈,၀၀၀ အထိ ကျဆင်းခဲ့ပါတယ်။
ပဲမျိုးစုံရောင်းဝယ်ရေးဒိုင်တဦးက "တရုတ်ကိုပို့တာ နည်းသွားလို့ စျေးကျသွားတယ်။ စပေါ်တဲ့အချိန်က တရုတ်ကဝယ်တော့ စျေးက အမြင့်ဆုံးတက်ခဲ့ပေမယ် တရုတ်အဝယ်နည်းလေ စျေးနည်းလေပဲ။ ဘရွှေဝါဆို စပေါ်တုန်းက စျေးနဲ့ ၂ သောင်းကျော်လောက်ကျသွားတယ်။ ပဲတီစိမ်းတွေက အသစ်တွေလည်း ဝင်လာပြီးဆိုတော့ တရုတ်အဝယ်ဆက်နည်းနေမယ်ဆိုရင် စျေးက ဒီ့ထက်ကျဖို့ အခြေအနေရှိပါတယ်" လို့ ပြောပါတယ်။
ပဲတီးစိမ်းဟာ ပြီးခဲ့တဲ့နှစ်တွေမှာ စျေးအမြင့်ဆုံးရပြီး နိုင်ငံခြားဝင်ငွေ အများဆုံးရတဲ့ပဲဖြစ်ပေမယ့် တရုတ်နယ်စပ်အခြေအနေတွေနဲ့ တခြားပို့ဆောင်ရေး အခက်အခဲတွေကြောင့် တရုတ်ကဝယ်ယူမှု နည်းနေတယ်လို့ ကုန်သည်တဦးက ပြောပါတယ်။
"အရင်နှစ်တွေထက် ဒီနှစ်ဟာ တရုတ်ဘက်ကို တင်ပို့မယ့် အခက်အခဲတွေအများကြီးရှိတယ်။ တင်ပို့မှု အတိအကျကို မသိပေမယ့် စစ်ကောင်စီက ထုတ်တဲ့စရင်းအရဆို ၃ ပုံ ၁ ပုံနီးပါး လျော့ကျသွားတယ်။ ဘဏ္ဍာနှစ်စတဲ့ ဧပြီကနေ သြဂုတ်လအထိစရင်းပေါ့။ လက်ရှိအခြေအနေက ပြောဖို့ခက်တယ်၊ တရုတ်အဝယ်လုံးဝပါးနေတာ။ တောင်သူတွေဆီကလည်း ပဲတီစိမ်း ပေါပေါများများ ထွက်လာပြီးဆိုတော့ ကျနော်အကြံပေးချင်တာက လှောင်နိုင်တယ့်သူတွေတော့ လှောင်စေခြင်တယ်။ နောက်နှစ်အစ တရုတ်ပွဲတော်တွေ လာရင် စျေး သေချာပေါက်ကောင်းလာမယ်လို့ထင်တယ်။ အဲ့တာ တောင်သူတွေကို ထုတ်မရောင်းဘဲ လှောင်ထားစေခြင်ပါတယ်" လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ ပဲနဲ့ပဲမျိုးစုံကို အဓိက တရုတ်၊ အိန္ဒိယ နဲ့ ဥရောပနိုင်ငံတွေကို တင်ပို့နေပြီး ၂၀၂၃ ဧပြီမှ သြဂုတ်လအတွင်း ပဲနဲ့ပဲမျိုးစုံ တန်ချိန် ၇၂၀,၉၀၀ ကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၈၆ သန်းကျော် ဝင်ငွေရရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
တင်ပို့ခဲ့တဲ့ ပဲမျိုးစုံထဲကမှ ပဲတီစိမ်းတန်ချိန်ဟာ ၂၂၀,၆၀၀ အထိရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၅၀ သန်းခန့် ဝင်ငွေရရှိခဲ့ပါတယ်။
ပဲတီစိမ်းကို မြန်မာနိုင်ငံမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ အဓိကစိုက်ပျိုးပါတယ်။
ပဲတီစိမ်းကို မိုးကြိုရာသီစိုက်ပျိုးရာမှာ ဖေဖော်ဝါရီလလယ်မှ မတ်လအလယ်၊ မိုးရာသီ စိုက်ပျိုးရာမှာ မေလလယ်မှ သြဂုတ်လလယ်၊ စပါးရိတ်သိမ်းပြီးချိန် သီးထပ်အနေနဲ့ နိုဝင်ဘာလတို့မှာ စိုက်ပျိုးကြပါတယ်။










