၄၉ ကြိမ်မြောက် ထိုင်းဘုရင့်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စက်တင်ဘာ ၁၀ ရက် ညပိုင်းက ယှဥ်ပြိုင်ကစားခဲ့ရာ အီရတ်အသင်းက ထိုင်းအသင်းကို ပင်နယ်တီအဆုံးအဖြတ် ၅ ဂိုး ၄ ဂိုးနဲ့အနိုင်ယူပြီး ဆုဖလားဆွတ်ခူးခဲ့ပါတယ်။
အီရတ်အသင်းအတွက်အဖွင့်ဂိုးကို ပွဲချိန် ၆ မိနစ်မှာ ဟူစိန်ကသွင်းယူနိုင်ခဲ့ပေမယ့် ပွဲချိန် ၃၇ မိနစ်မှာ ထိုင်းနောက်တန်းကစားသမား မိုက်ကယ်ဆန်က ပြန်လည် ချေပခဲ့တာကြောင့် ပွဲချိန် ပထမပိုင်းမှာ တဖက်တဂိုးစီ သရေကျခဲ့ပါတယ်။
ဒုတိယပိုင်းမှာ အီရတ်အသင်းရဲ့ ကွင်းလယ်ကစားသမားအတ်ဝမ်က ၆၅ မိနစ်မှာ ဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့ပြီး ထိုင်းကစားသမား ဘောဒင်ဖလာက ၈၂ မိနစ်မှာ ချေပဂိုး ထပ်မံသွင်းယူခဲ့တာကြောင့် တဖက် ၂ ဂိုးစီသရေကြပြီး ပင်နယ်တီအဆုံးအဖြတ်ခံယူကာ အီရတ်အသင်း ၅ ဂိုး ၄ ဂိုး နဲ့ အနိုင်ရရှိခဲ့ပါတယ်။
တခြားပွဲစဥ်ဖြစ်တဲ့ တတိယလုပွဲမှာ လက်ဘနွန်အသင်းက အိန္ဒိယအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ထိုင်းဘုရင့်ဖလားကို ၁၉၆၈ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး ထိုင်းအသင်းက ၁၅ ကြိမ်နဲ့ အများဆုံးဗိုလ်စွဲထားနိုင်ပါတယ်။
Photo.Iraq National Team