DVB Logo
Home
မြန်မာသတင်း
ရှဉ့်မတက်ဥများ အဝယ်လိုက်ဈေးကောင်းနေ
DVB
·
September 10, 2023
ရှဉ့်မတက်ဥများ အဝယ်လိုက်ဈေးကောင်းနေ
Donate to DVB

ပြည်တွင်းမှာပဲ အဝယ်လိုက်နေပြီး ရှဉ့်မတက်ဥတွေ ဒီနှစ်မှာ ဈေးကောင်းနေတယ်လို့ ရှဉ့်မတက်ဥဝယ်ယူတဲ့ ကုန်သည်တွေဆီက သိရပါတယ်။

ရှဉ့်မတက်ဥအစို တပိသာကို အခုနှစ်မှာ ကျပ် ၁၂၀၀ နဲ့ အခြောက်တပိသာကို ကျပ် ၁၀,၀၀၀ ကနေ ကျပ် ၁၂,၀၀၀ အထိ ပေါက်စျေးရှိနေပြီး မနှစ်ကတော့ အစို တပိဿာကို ကျပ် ၅၅၀ နဲ့ အခြောက်တပိဿာကို ကျပ် ၈,၀၀၀ အထိ ပေါက်စျေးရှိခဲ့တာပါ။

ရှဉ့်မတက်ဥ အစိုကို ဓားနဲ့စဉ်း အခြောက်လှန်းရပြီး ဥအစို ၆ ပိသာကို အခြောက် ၁ ပိဿာ ကျန်ပါတယ်။

ရှဉ့်မတက်ဥ အဝယ်ဒိုင်တယောက်က ''ရှဉ့်မတက်ဥက သဘာဝအတိုင်းအလေ့ကျ ပေါက်ရောက်တာ။ စိုက်ခင်းမရှိဘူး။ ဒီနှစ် ဝယ်လိုအားနည်းနည်း ပိုရတယ်။ ပြည်တွင်းက တိုင်းရင်း ပရဆေးဆိုင်တွေက အသုံးများတော့ တရုတ်၊ ကိုရီးယားတို့ကို မတင်ပို့ဘဲ ပြည်တွင်းမှာပဲရောင်းဖြစ်တယ်” လို့ ပြောပါတယ်။

ရှဉ့်မတက်ဥ တင်ပို့ဖို့ ကားခဟာလည်း အရင်နှစ်က ဧရာဝတီတိုင်းနဲ့ ရခိုင်ဘက်ကနေ မန္တလေးကို တင်ပို့ရာမှာ တပိဿာကို ကျပ် ၄၀ ကနေ ကျပ် ၆၀ ထိပဲကုန်ကျပြီး အခုနှစ်မှာတော့ တပိဿာကို ကျပ် ၂၀၀ ကနေ ကျပ် ၃၀၀ ထိပေးရတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။

ရှဉ့်မတက်ဥကို ယောကျာ်းအားတိုးဆေး၊ အစာအိမ်ဆေး၊ ချောင်းဆိုပျောက်ဆေး၊ နှလုံးဆေးတို့အဖြစ် တိုင်းရင်းဆေးဖော်စပ်တဲ့နေရာတွေမှာ သုံးပါတယ်။

အပင်ပုံစံကတော့ ဆူးခြုံနွယ်ဖြစ်ပြီး ဆူးငယ်လေးတွေ အများပြားပါရှိပါတယ်။ အပင်အောက်ခြေ မြေကြီးထဲမှာ ဥများစွာဥပြီး အပွင့်အဖြူရောင် အသေးလေးရှိကာ မွှေးကြိုင်ပြီး အခိုင်လိုက်ပွင့်တတ်ပါတယ်။ အသီးကတော့ ငရုတ်ကောင်း အစေ့လောက်ရှိပြီး မှည့်တဲ့အခါ အနီရောင်ရှိပါတယ်။

ကုန်းကညွတ်လို့လည်းခေါ်ကြတဲ့ ရှဉ့်မတက်ရဲ့ ရုက္ခဗေဒနာမည်ကတော့ Asparagus Racemosus ဖြစ်ပြီး မြန်မာနိုင်ငံအနှံ့အပြားမှာ ပေါက်ရောက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013