DVB Logo
Home
Lead Story
ဥသြဆွဲရင် ဗုံးခိုကျင်းထဲ ၀င်ပုန်းဖို့ ညွှန်ကြားထားတယ် - မြန်မာသံမှူး ဦးမြင့်စိုး
DVB
·
August 1, 2014
ဥသြဆွဲရင် ဗုံးခိုကျင်းထဲ ၀င်ပုန်းဖို့ ညွှန်ကြားထားတယ် -  မြန်မာသံမှူး ဦးမြင့်စိုး
Donate to DVB

[caption id="attachment_60837" align="alignright" width="300"]အစ္စရေး စစ်တပ်မှ ဂါဇာဒေသသို့ အမြောက်များဖြင့် ပစ်ခတ်နေစဉ် (ဓာတ်ပုံ - ရိုက်တာ) အစ္စရေး စစ်တပ်မှ ဂါဇာဒေသသို့ အမြောက်များဖြင့် ပစ်ခတ်နေစဉ် (ဓာတ်ပုံ - ရိုက်တာ)[/caption]

ဂါဇာဒေသမှာ အစ္စရေးနဲ့ ဟားမတ်တွေအကြား သီတင်း ၃ ပတ်ကျော်ကြာ တိုက်ပွဲတွေကြောင့် လူပေါင်း ၁ ထောင်ကျော် သေဆုံးသွားခဲ့ပါပြီ။ လက်ရှိအချိန်ထိတော့ မြန်မာနိုင်ငံသားတွေ ဘေးအန္တရာယ်ကင်းရှင်းမှု ရှိနေပေမယ့် သတိရှိကြဖို့နဲ့ ဒုံးကျည်တွေ လာလို့ ဥသြဆွဲရင် ချက်ချင်း ဗုံးခိုကျင်းထဲဝင်ပုန်းကြဖို့ ညွှန်ကြားတယ်လို့ အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပြောပါတယ်။

အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံမှူး ဦးမြင့်စိုးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထား ပါတယ်။

ဂါဇာမှာ အစ္စရေးနဲ့ ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့ တိုက်ပွဲကြောင့် အစ္စရေးရောက် မြန်မာနိုင်ငံသားတွေအပေါ်မှာ ဘယ်လိုမျိုး ရိုက်ခတ်မှုတွေ ရှိနေလဲ။
“အစ္စရေးမှာရှိတဲ့ မြန်မာတွေအားလုံးက အခုတော့ အားလုံး ဘေးကင်းရန်ကင်းပဲ၊ ဘာမှ မဖြစ်ကြပါဘူး။”

ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်းအလုပ်သမားတယောက် လက်နက်ကျည်ထိပြီး သေသွားတယ်၊ ထိုင်းက သူတို့နိုင်ငံသားတွေကို ဘေးလွတ်ရာမှာ နေကြဖို့ ညွှန်ကြားထားတယ်။ မြန်မာသံရုံးကရော အစ္စရေးရောက် မြန်မာအလုပ်သမားတွေကို အလားတူ လုပ်ဆောင်မှုတွေ ရှိပါသလား။
“မြန်မာစိုက်ပျိုးရေး သင်တန်းသားတွေက ပြီးခဲ့တဲ့ ၁၁ လ သင်တန်းပြီးလို့ ပြန်ကုန်ကြပြီ ဇွန်လကုန်ပိုင်းမှာ။ အခု ၂၄ ယောက်ပဲ ကျန်တော့တယ်။ သြဂုတ် ၁၈ ရက်နေ့မှာ ၁၈ ယောက်ပြန်မယ်၊ ၂၀ ရက်နေ့မှာ ၆ ယောက်ပြန်မယ်။ ၂၄ ယောက်ပြန်ပြီးရင် သင်တန်းသားတွေ ကုန်သွားပြီခင်ဗျ။ သူတို့ သက်ဆိုင်ရာ သင်တန်းကျောင်းကိုလည်း ကျနော်တို့ ဆက်သွယ်တယ်။ ကျောင်းသားတွေနဲ့လည်း ဆက်သွယ်ပြီးတော့ အစ္စရေးအစိုးရ ညွှန်ကြားတဲ့ ဒုံးကျည်လာရင် ဥသြဆွဲတယ်၊ ဥသြဆွဲရင် ဗုံးခိုကျင်းထဲ ၀င်ပုန်းရမယ်၊ ဘယ်မှာ ပုန်းရမယ်ဆိုတာ ညွှန်ကြားချက် တွေရှိတယ်။ အဲဒါတွေ အကုန်လုံး ကျနော်တို့တွေအနေနဲ့ ပြောထားပါတယ်။ သင်တန်းကျောင်း ကလည်း အဲဒါတွေ အကုန်လုံး ဂရုစိုက်ထားပါတယ်။ သင်တန်းကျောင်းက တာဝန်ရှိသူတွေနဲ့ရော၊ ကျနော်တို့ ကျောင်းသားတွေနဲ့ရော အပတ်တိုင်း တွေ့ဖြစ်ပါတယ်။ အားလုံး ဘာမှ မဖြစ်ကြပါဘူး။”

ဦးမြင့်စိုးအပါအ၀င် သံရုံးအမှုထမ်းတွေ စစ်ပွဲတွေကြောင့် စိုးရိမ်ပူပန်မှု ရှိလား။ ဘယ်လို ကြိုတင်ပြင်ဆင်တာတွေ ရှိလဲ။
“သံရုံးကတော့ ၀န်ထမ်း သံအမတ်ကြီးအပါအ၀င် ၄ ဦးတည်း ရှိပါတယ်။ သံအမတ်ကြီးရဲ့ မိသားစုကလည်း ခဏပဲ လာလည်ပြီးတော့ ရန်ကုန်ပြန်နေတယ်။ နောက်တယောက်ကလည်း မိသားစုက ရန်ကုန်ပြန်သွားတော့ မိသားစုအရမ်းနည်းပါတယ်။ ရှိတဲ့လူတွေလည်း အစ္စရေး နိုင်ငံခြားရေးဌာနက စာတွေနဲ့မပြတ် ညွှန်ကြားချက်တွေပေးတယ်။ ဒုံးကျည်လာလို့ ဥသြဆွဲရင် ရုံးမှာဆို ဘယ်လိုအခန်းတွေမှာ ပုန်းရမယ်၊ အိမ်တိုင်းမှာလည်း ဗုံးခိုကျင်းအခန်းတွေ အကုန်ရှိတယ်။ ရုံးမှာလည်း ဥသြဆွဲသံကြားရင် ချက်ချင်း အဲဒီအခန်းတွေကို ပြေးပြီးတော့ ပုန်းကြ၊ ရှောင်ကြတယ်။ အခုထိတော့ အကုန်လုံး သံရုံးဝန်ထမ်းတွေရော၊ မိသားစုတွေရော၊ မြန်မာတွေရော ဘာမှမဖြစ်ကြပါဘူး၊ အန္တရာယ်ကင်းကင်းရှိကြပါတယ်။”
တိုက်ပွဲတွေဖြစ်တဲ့နေရာနဲ့ရော ဦးတို့ နေရာနဲ့ တော်တော်ဝေးလား။
“ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်နေတာပါ။ အစ္စရေးတပ်တွေက ဂါဇာကိုပဲ သွားပစ်နေတာ။ ဂါဇာက ပါလက်စတိုင်းတွေက ဒီဘက်လာလို့ မရတော့ ဒုံးကျည်တွေနဲ့ပဲ လှမ်းလှမ်းပြီး ပစ်တာပေါ့။”

အစ္စရေးရောက် မြန်မာတွေရော တခြားလုပ်ငန်းတွေမှာ အလုပ်လာလုပ်နေတဲ့သူတွေရော ရှိလား။ အများစု ဘာတွေလုပ်ကြလဲ။
“တရားဝင် သံရုံးကို သတင်းပို့ထားတာ ၂၅ ယောက်ဝန်းကျင်လောက်ရှိပါတယ်။ အလုပ်တွေကတော့ မျိုးစုံပဲ၊ တချို့တွေကျတော့လည်း ခရစ်ယာန် စင်တာတွေကတော့ ခရစ်ယာန်ကျောင်းတို့၊ ခရစ်ယာန်ဆေးရုံတို့မှာ ရှိတယ်။ တချို့တွေက အသက်ကြီးတဲ့သူတွေကို ပြုစုစောင့်ရှောက်တဲ့သူတွေ၊ တချို့တွေက စားသောက်ဆိုင်တွေမှာ ချက်ပြုတ်တဲ့ဟာတွေ၊ စားပွဲထိုးတွေ လုပ်တာတွေရှိတယ်။ သိပ်အများကြီး မရှိပါဘူး။ ၂၅ ယောက်ဝန်းကျင်လောက်ပဲ ရှိတယ်။ သူတို့တွေကိုလည်း ဆက်သွယ်ပြီး သတိရှိကြဖို့ အကုန်လုံးပြောထားပါတယ်။ အခုထိ ဘယ်သူမှ ထိခိုက်မှု မရှိပါဘူး။

ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းအနေနဲ့ အစ္စရေးတွေ မြန်မာပြည်ကို သွားရောက် လည်ပတ်နှုန်း ဘယ်လောက်ရှိလဲ။

“အရင်နှစ်တွေနဲ့စာရင် မြန်မာပြည်ကို တော်တော်များများ သိလာကြပြီး သွားတော့ သွားလည်ကြတယ်။ ဒါပေမယ့် သူတို့က များသောအားဖြင့် နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်န၀ါရီ၊ အဲဒီလ လောက်တွေမှ နည်းနည်းများတာခင်ဗျ၊ အခုအချိန်မှာ ဂါဇာ အခြေအနေနဲ့ သွားတာလာတာ တော်တော်နည်းနေတယ်။”

သူတို့ မြန်မာပြည်ကို တော်တော်စိတ်ဝင်စားလား။ ဘယ်နေရာတွေကို သွားလည်ကြတာများပြီး စိတ်ဝင်အစားဆုံးလဲ။

“ရွှေတိဂုံရယ်၊ ပုဂံရယ် သူတို့ တအံ့တသြ ပြောကြတာ ခြေထောက်နဲ့ လှေလှော်တဲ့ အင်းလေးပေါ့။ ကမ်းခြေတွေကို သွားတဲ့ သူတွေက သွားတယ်။ အဲဒီအကြောင်းတွေကို ပြန်ပြီး ပြောသံ မကြားဘူးဗျ။”

လက်ရှိ ၂ နိုင်ငံ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အခြေအနေရော ဘယ်လိုရှိလဲ။ နောက် မြန်မာစီးပွားရေးသမားတွေ အတွက် ဘယ်လိုအခွင့်အလမ်းတွေ ရှိသလဲလို့ မြင်မိလဲခင်ဗျ။
“ကျနော်သိရသလောက်တော့ မြန်မာတွေ အစ္စရေးမှာလာပြီး ရင်းနှီးမြှုပ်နှံမှုတွေ မရှိဘူးခင်ဗျ။ အစ္စရေးကတော့ အိုင်တီတို့ ဆက်သွယ်ရေးတို့ ပညာရှင်တွေက မြန်မာပြည်က ပါတနာတွေနဲ့ ချိတ်ပြီး သွားကြတာ ရှိတယ်။ ဒီမှာ သူ့တို့အနေနဲ့ ရင်းနှီးမြှုပ်နှံဖို့ လုပ်ငန်းအမျိုးအစားတွေက မြန်မာပြည်လို အခွင့်အလမ်းက မရှိဘူး။ အဲဒီတော့ အစ္စရေးတွေက မြန်မာပြည်ကို သွားပြီး တော့ ရင်းနှီးမြှုပ်နှံမှု လုပ်ချင်တဲ့သူတွေက မေးကြတာတွေ ရှိတယ်။ ကျနော်တို့ မြန်မာတွေက ဒီမှာလာပြီး အလုပ်လုပ်ဖို့က အခွင့်အလမ်း ဘာမှ သိပ်မရှိသလိုပဲ။ မြန်မာပြည်က ပစ္စည်းတွေကို ကျနော်တို့ဆီက ကျွန်းနဲ့ ပျဉ်းကတိုး သစ်တွေပေါ့။ အဲဒါတွေပဲ မေးကြတာတွေ များတယ်။”

မြန်မာ - အစ္စရေး သံတမန် ဆက်ဆံရေး နှစ်ပေါင်း ၆၀ ကျော်ပြီ အခု သမ္မတဦးသိန်းစိန် လက်ထက်မှာ အရင်ကထက်စာရင် ၂ နိုင်ငံ ဆက်ဆံရေး အခြေအနေက အရင်ကထက် တိုးတက်ကောင်းမွန်လာတယ်လို့ ထင်သလား။

၂ နိုင်ငံ ဆက်ဆံရေးကတော့ ဘာပြဿ နာမှလည်း မရှိဘူး။ ဆက်ဆံရေးကတော့ ကောင်းမြဲကောင်း နေတာပဲ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013