
မော်ရိုကိုနိုင်ငံမှာ သောကြာနေ့နှောင်းပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ဦးရေဟာ စက်တင်ဘာ ၉ ရက်ည ၈ နာရီမှာ ၁၀၃၇ ဦးထက် မနည်းရှိခဲ့ပြီး ငလျင်ဗဟိုချက်အနားက အမ်မစ်ဇ်မဇ်ရွာမှာ နေထိုင်သူတွေဟာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ထမ်းစင်တွေနဲ့ ရွှေ့ပြောင်းခဲ့ကြရပါတယ်။
ဒီငလျင်ဟာ ဆယ်စုနှစ် ခြောက်ခုကျော်အတွင်း နိုင်ငံရဲ့ လူအသေအပျောက် အများဆုံး ငလျင်ဖြစ်ပြီး ဝေးလံခေါင်သီတဲ့ တောင်ပေါ်ရွာတွေက နေအိမ်တွေပြိုကျခဲ့တာပါ။
အသက် ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးသမားတွေက အပျက်အစီးတွေ ကြားကနေ တူးဖော်ကယ်ထုတ်ခဲ့ပါတယ်။
မော်ရိုကိုနိုင်ငံ ဟိုက်အတ်လတ်စ်တောင်တန်းဒေသမှာ သောကြာ ညနှောင်းပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ငလျင်ဗဟိုချက်နဲ့ အနီးဆုံးမြို့ဖြစ်တဲ့ မေရာကက်ရှ်မြို့က သမိုင်းဝင် အဆောက်အအုံ တွေ ပျက်စီးခဲ့ပြီး အနီးနားက တောင်တွေဟာ အဆိုးရွားဆုံး ထိခိုက်မှုအများဆုံး ဧရိယာတွေလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ငလျင်ဗဟိုချက်ဟာ မေရာကက်ရှ်မြို့ရဲ့ အနောက်တောင်ဘက် ၄၅ မိုင်လောက် အကွာမှာလို့ အမေရိကန် ဘူမိစစ်တမ်းက ဆိုပါတယ်။
ပြင်းအား ၆ ဒသမ ၈ အဆင့် ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၀၃၇ ဦး သေဆုံးပြီး တခြားလူ ၆၇၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
Source/Photo-Reuters











