
မြောက်ကိုရီးယားနိုင်ငံရဲ့ တည်ထောင်ခြင်း နှစ်ပတ်လည်နေ့အခမ်းအနားကို အရန်တပ်ဖွဲ့တွေ ချီတက်စစ်ရေးပြခြင်းနဲ့ ဖွင့်လှစ်လိုက်ပြီး ခေါင်းဆောင် ကင်မ်ဂျုံအန်း တက်ရောက်ကြည့်ရှုခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားမှ စက်တင်ဘာ ၉ ရက်မှာ ဖော်ပြပါတယ်။
စက်တင်ဘာလ ၈ ရက်က ပြုံယမ်းရှိ ကင်မ်အီလ်ဆွန်း ရင်ပြင်မှာ ကျင်းပတဲ့ ချီတက်ပွဲကို ကင်မ်ဟာ သူ့ရဲ့သမီးနဲ့အတူ ကြည့်ရှုခဲ့တာပါ။
စက်တင်ဘာ ၉ ရက်မှာ မြောက်ကိုရီးယားအစိုးရ တီဗီကနေ လေထီးခုန်ချသူတွေ ပါဝင် သရုပ်ဆောင်ထားတဲ့ ဟောလိဝုဒ်စတိုင် ဗီဒီယိုကိုလည်း ထုတ်လွှင့်ခဲ့ပါတယ်။
အထူးဂရုပြု တည်းဖြတ်ထားတဲ့ ဗီဒီယိုထဲမှာ လေထီးအဖွဲ့ဝင် အမျိုးသမီးတချို့ဟာ နေဝင်ချိန်မှာ သူတို့ရဲ့မစ်ရှင်အတွက် ပြင်ဆင်နေတာကို ပြသထားပါတယ်။
ညမိုးချုပ်လာချိန်မှာ အမှောင်ထဲမှာ တောက်ပြောင်နေတဲ့ ယူနီဖောင်းတွေကို ဝတ်ဆင်ထားတဲ့ အဖွဲ့ဟာ ရဟတ်ယာဉ်ပေါ် တက်ခဲ့ကြပြီး ချီတက်ပွဲကျင်းပရာ နေရာမှာ ခုန်ချရမှာဖြစ်ပါတယ်။
ချီတက်ပွဲကို လေထီးခုန်သူတွေရဲ့ တင်ဆက်မှုနဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး အဲဒီနောက် ပို့ဆောင်ရေး ထရပ်ကားတွေထဲ ဝှက်ထားတဲ့ ရော့ကက်လောင်ချာတွေနဲ့ လယ်ထွန်စက်တွေပေါ်မှာ တပ်ဖွဲ့ဝင် တွေနဲ့ လက်နက်ကြီးတွေကို တင်ဆောင်ဆွဲယူ လှည့်လည်ပြီး စစ်ပွဲမှာ ပြောက်ကျား တိုက်ခိုက်ရေးသမားတွေအဖြစ် ပြည်သူ့စစ်ရဲ့အခန်းကဏ္ဍကို အလေးပေး မီးမောင်းထိုးပြခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ စက်တင်ဘာ ၉ ရက်မှာ နိုင်ငံတော် စတင်တည်ထောင်ခြင်းနေ့အဖြစ် ဂုဏ်ပြုကျင်းပလေ့ရှိပြီး၊ ဒီနှစ်ကတော့ ဂျပန်တို့ သိမ်းပိုက်ခြင်းမှ လွတ်မြောက်ပြီး နောက်ပိုင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။
Source/Photo-Reuters










