
မြန်မာနိုင်ငံတွင်းမှာ စနစ်တကျ ထိန်းချုပ်ထားခြင်းမရှိတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ကြုံတွေ့နေရတဲ့ နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှုပြဿနာကို ကုလသမဂ္ဂ လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်တုံ့ပြန်ဖို့ ထိုင်းအစိုးရကို ထိုင်းအထက်လွှတ်တော် လူ့အခွင့်အရေးနှင့် စားသုံးသူကာကွယ်ရေးကော်မတီက တိုက်တွန်းလိုက်တယ်လို့ Thai PBS သတင်းမှာ ဖော်ပြပါတယ်။
ကုလသမဂ္ဂ ကျွမ်းကျင်သူတွေဘက်က သတ်မှတ်ထားတဲ့ ရက်ပေါင်း ၆၀ အတွင်း ထိုင်းအစိုးရအနေနဲ့ အကြောင်းပြန်ကြားဖို့ ပျက်ကွက်ခဲ့တဲ့အကြောင်း ကော်မတီဥက္ကဋ္ဌ နော်ရာဆက် ဖရာချရာခွန်က မီဒီယာတွေကို ပြောကြားလိုက်သလို အလားတူ မေးမြန်းစုံစမ်းမှုတွေကို တရုတ်အစိုးရနဲ့ မြန်မာစစ်ကောင်စီဆီလည်း ပေးပို့ထားတဲ့အကြောင်း ဖြည့်စွက်ပြောပါတယ်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းက သတ္တုတူးဖော်ရေးလုပ်ငန်းတွေကနေ မသန့်စင်ရသေးတဲ့ ညစ်ညမ်းပစ္စည်းတွေကို ကွေ့မြစ်၊ စိုင်မြစ်၊ ရော့မြစ်နဲ့ မဲခေါင်မြစ် စတဲ့ သဘာဝရေစီးကြောင်းတွေထဲကို စွန့်ပစ်နေတာဟာ ဒေသတွင်းပြဿနာ သက်သက်သာ မဟုတ်ဘဲ တနိုင်ငံလုံးနဲ့ နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်တခု ဖြစ်လာနေတယ်လို့ သူက ဆိုပါတယ်။
ဒါကြောင့် ထိုင်းအစိုးရအနေနဲ့ ပိုမိုတက်ကြွတဲ့ ချဉ်းကပ်မှုပုံစံကို ကျင့်သုံးပြီးတော့ မြန်မာနိုင်ငံက စနစ်တကျ ထိန်းချုပ်ထားခြင်းမရှိတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုပြဿနာကို ဖြေရှင်းနိုင်ဖို့ တရုတ်အစိုးရ၊ မြန်မာစစ်အာဏာရှင်တို့နဲ့ ပူးပေါင်းဆွေးနွေး ဆောင်ရွက်သွားဖို့ တိုက်တွန်းထားတာပါ။
မြန်မာနိုင်ငံက သတ္တုတွင်းလုပ်ငန်းတွေ၊ အထူးသဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ဒေသက တရုတ်သတ္တု လုပ်ငန်းတွေကနေ ထွက်ရှိလာတဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် ထိုင်း-မြန်မာနယ်စပ်တလျှောက် ဖြတ်သန်းစီးဆင်းလာတဲ့ မြစ်တွေဟာ အဆိပ်သင့် ညစ်ညမ်းမှုတွေကို ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မြစ်ရေညစ်ညမ်းနေမှု ဖြေရှင်းပေးဖို့ ချင်းမိုင်က တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ဇူလိုင် ၆ ရက်မှာ ဆန္ဒပြခဲ့ကြတဲ့ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေနဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့လို့ ဆန္ဒပြသူ ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ထိုင်းရဲတပ်ဖွဲ့က အခုလို ဆန္ဒပြသူတွေကို တရုတ်ကောင်စစ်ဝန်ရုံးရှေ့ကို မချဉ်းကပ်နိုင်အောင် တားဆီးခဲ့ကြပြီး ဆန္ဒပြသူတွေနဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာပါ။
ဆန္ဒပြသူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တယောက်က လက်မောင်းရိုး ထိခိုက်ခဲ့ကာ ကျန်တယောက်ကတော့ ပခုံးဆစ်ပြုတ်သွားခဲ့တယ်လို့ ပွဲစီစဉ်သူတွေဆီက သိရပါတယ်။
Source: ThaiPBS










