Home
မြန်မာသတင်း
ဂန့်ဂေါတောင်ပိုင်းက ပြည်သူများ ၂ နှစ်ကျော်ကြာ စစ်ရှောင်နေရ၍ စားဝတ်နေရေးခက်ခဲ
DVB
·
September 9, 2023

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်း၊ မင်းရွာကျေးရွာနဲ့ အနီးတဝိုက်က စစ်ရှောင်ပြည်သူတွေဟာ အိုးအိမ်အလုပ်အကိုင်တွေစွန့်ခွာရတာ နှစ်ချီလာတာကြောင့် အခက်အခဲအမျိုးမျိုး ကြုံနေကြရပါတယ်။

မင်းရွာကျေးရွာနဲ့ အနီးတဝိုက်ကကျေးရွာတွေဟာ အာဏာသိမ်းမှုအစောပိုင်း ကတည်းက စစ်ဘေးတိမ်းရှောင်နေကြရတာဖြစ်ပြီး စစ်ရှောင်ကာလ ၂ နှစ်ကျော်ကြာပြီ ဖြစ်ပါတယ်။

မင်းရွာကျေးရွာရဲကင်းစခန်းကနေ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ရွာသားတွေကို ဖမ်းဆီးရိုက်နှက်တာတွေကြောင့် အိမ်ခြေ ၃၈၀ နီးပါးရှိတဲ့ မင်းရွာကျေးရွာက အိမ်ခြေ ၂၀၀ ကျော်နဲ့ အနီးအနားက ကျေးရွာတွေက ဒေသခံတွေပါ တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

စစ်ကောင်စီကင်းစခန်းတွေနဲ့ စစ်ကြောင်းတွေက ပစ်ခတ်တာတွေကြောင့်လည်း စစ်ရှောင်တွေဟာ လယ်ယာ မစိုက်ရတာ ၃ နှစ်နီးပါး ရှိပြီး စားသောက်ရေးလည်း ခက်ခဲနေပါတယ်။

ဒေသခံ အမျိုးသမီးတယောက်က “အိမ်တွေကိုနင်းမရတာ ၂ နှစ်ဝန်းကျင်ရှိပြီ။ ရဲကင်းနဲ့ နီးတဲ့အိမ်တွေက တောတောင်တွေထဲမှာ ရှောင်နေရတယ်။ ရဲကင်းနဲ့ဝေးတဲ့ အိမ်တချို့တော့ နေကြသေးတယ်။ ရဲကင်းတည်နေရာက လယ်ယာတွေနဲ့ နီးတဲ့ နေရာမှာရှိတော့ လယ်လည်းမလုပ်ရတာ ၃ နှစ်လောက်ရှိပြီ။ စားဝတ်နေရေးလည်း အဆင်မပြေကြပါဘူး။ အခုအချိန်အထိ ထိထိမိမိကူညီတဲ့ အဖွဲ့ရယ်လို့လည်း မရှိသေးပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒေသခံတွေဟာ သူတို့ရဲ့ကျေးရွာတွေနဲ့ရော စစ်ကောင်စီရဲကင်းနဲ့ဝေးရာနေရာတွေမှာ ယာယီတဲတွေဆောက်လုပ်နေထိုင်နေကြရပါတယ်။

ဒေသခံတချို့ကတော့ စစ်ဘေးရှောင်ရင်း ကောက်စိုက်၊ နှမ်းခုတ် ရရာအလုပ် လုပ်ကိုင်ကြပေမဲ့ မြင့်တက်နေတဲ့ကုန်ဈေးနှုန်းတွေကြောင့် အခက်အခဲကြုံနေရဆဲ ဖြစ်ပါတယ်။

မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “ကံရွာတို့၊ မင်းရွာတို့က စခန်းဘေးက အိမ်တွေက စစ်ဘေးရှောင်နေရတာ ၂ နှစ် ကျော်ပြီ။ တချို့က တောတွေမှာ တဲအိမ်တွေနဲ့နေတယ်။ တချို့ကလည်း ကိုယ့်ဆွေမျိုးသားချင်း ရှိတဲ့နေရာမှာ သွားနေကြ ရတယ်။ မြို့နယ်ပအဖနဲ့ ဒေသခံတွေက စုပေါင်းပြီး ထမင်းကျွေးပေးနေပါတယ်” လို့ ပြောပါတယ်။

ဂန့်ဂေါမြို့နယ်တောင်ပိုင်းမှာ မင်းရွာ၊ ကံရွာ၊ အညာတော၊ ပျဉ်ထောင်၊ ကျောက်မျက် စတဲ့ရွာတွေက ဒေသခံ ၃၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

တောတောင်တွေမှာ ခိုလှုံနေထိုင်နေရပေမယ့် စစ်ကောင်စီ စစ်ကြောင်း၊ ယာဉ်တန်းတွေ လာတဲ့အခါ ထပ်တိမ်းရှောင်ကြရပြီး ဒေသခံတွေကျန်ရှိခဲ့တဲ့ ရိက္ခာတွေကို ယူဆောင်သွားပြီး ပစ္စည်းတွေကို ဖျက်ဆီးသွားလေ့ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီက မင်းရွာကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတွေဟာ ထပ်ပြီး တိမ်းရှောင်ခဲ့ရ ပါသေးတယ်။

ဒါကြောင့် ရိတ်သိမ်းရတော့မဲ့ နှမ်းခင်းတွေကို ထားခဲ့ရပြီး အချိန်လွန်သွားတာကြောင့် နှမ်းစိုက်ဧက ၂၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

ဂန့်ဂေါမြို့နယ်ထဲမှာ စစ်ကောင်စီက ပျူစောထီးရွာအဖြစ်သွင်းတာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊ စစ်ကောင်စီကင်းစခန်းတွေက ပစ်ခတ်တာ၊ တိုက်ပွဲတွေဖြစ်တာ စတဲ့ အကြောင်းတွေကြောင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသူ ၇,၀၀၀ ကျော်ရှိတယ်လို့ ဂန့်ဂေါမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024