
ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို ဧပြီ ၁၁ ရက် ညပိုင်းမှာ စစ်တပ်က တိုက်လေယာဉ် ၃ စင်းနဲ့ ဗုံးတွေအများကြီး ကြဲချတာကြောင့် အိမ်ခြေ ၂၀ ကျော်ထိခိုက်ပျက်စီးသွားပါတယ်။
ည ၁၀ နာရီလောက်မှာ တံတားဦးလေဆိပ်က တက်လာတဲ့ တိုက်လေယာဉ် ၂ စင်း၊ မကွေးလေတပ်က တက်လာတဲ့ တိုက်လေယာဉ် ၁ စင်းတို့က ဗုံးကြဲခဲ့တာပါ။
မီးလောင်ဗုံးတွေအပါအဝင် ဗုံးအကြီးတွေနဲ့ ၈ ကြိမ်လောက် ကြဲချတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ တိုက်ခိုက်တာလို့ ဒေသခံတယောက်က ဆိုပါတယ်။
ဗုံးကြဲလို့ ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ကနဦးသိရပြီး အိမ်နဲ့အဆောက်အအုံ ၂၀ လောက်၊ ကား ၄ စီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မင်းတပ်မြို့ပေါ်မှာရှိတဲ့ ချင်းဗုဒ္ဓပါလကအသင်းအဆောက်အအုံလည်း ပျက်စီးသွားခဲ့ပြီး တချို့အိမ် အဆောက်အအုံတွေကတော့ မီးလောင်သွားတာပါ။
မတ်လကုန်ကလည်း မင်းတပ်မြို့ပေါ်ကို ဗုံးကြဲခဲ့သေးပြီး စစ်တပ်ဟာ ဒီရက်ပိုင်းမှာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကို မကြာခဏ ဗုံးကြဲတိုက်ခိုက်နေပါတယ်။










