
ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ စစ်ကောင်စီညွှန်ကြားတဲ့အတိုင်း မိသားစုထံ လွှဲပို့ငွေကို ဘဏ်ကနေ မလွှဲကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၈ ရက် ဒီနေ့ ကြေညာလိုက်ပါတယ်။
စစ်ကောင်စီအနေနဲ့ ပြည်ပရောက်အလုပ်သမားတွေရဲ့ မိသားစုထံ လွှဲပို့ငွေကို ကန့်သတ်ထိန်းချုပ်တာ၊ အလုပ်သမားနဲ့အေဂျင်စီကို ဖိနှိပ်ခြိမ်းခြောက်တာတွေ ပါဝင်တဲ့ နှစ်ဘက်ချုပ်ဆိုရတဲ့ စာချုပ်ဟာ တရားဝင်မှုမရှိတာကြောင့် စိုးရိမ်ကြောင့်ကြမှုမရှိဖို့၊ အလုပ်သမားတွေရဲ့ ချွေးနှဲစာကို စစ်ကောင်စီထံ ရောက်ရှိ သွေးစွန်းမယ့်အခြေအနေကို တားဆီးဖို့ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ဘဏ်တွေ၊ ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းတွေကနေ ငွေလွှဲပြောင်းတာမလုပ်ဘဲ ရှောင်ကြဥ်ဖို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
ပြည်ပရောက်အလုပ်သမားတွေရဲ့ လုပ်ခလစာထဲက ဖြတ်တောက်တာ၊ တခြားနည်းလမ်းနဲ့ ဖိအားပေးငွေလွှဲဖို့ လုပ်ဆောင်တဲ့တဲ့ အေဂျင်စီတွေနဲ့ လူပုဂ္ဂိုလ်တွေကိုလည်း ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်မယ်လို့ သတိပေးထားပါတယ်။
အခုလို NUGအစိုးရက ထုတ်ပြန်လိုက်တဲ့သတိပေးချက်ကြောင့် ပြည်ပရောက်နေတဲ့ အလုပ်သမားတွေထဲက ငွေလွှဲမယ့်ကိစ္စတွေဝေနေတဲ့သူတွေအတွက် အားဖြစ်စေနိုင်တယ်လို့ ပြည်ပရောက် မြန်မာ အလုပ်သမားတချို့ကဆို ပါတယ်။
တောင်ကိုရီးယားရောက်မြန်မာလုပ်သားတဦးက "တချို့ အကြောက်တရားရှိနေတဲ့သူတွေက ဘဏ်ကပဲ လွှဲရတော့မှာလား၊ ဘယ်လိုလုပ်ရမလဲ၊ ဒိဟဖြစ်နေသူတွေရှိတယ်။ အခု သူတို့ ဘာလုပ်ရမလဲ ရှင်းသွားမယ်လို့ ထင်တယ်"လို့ ပြောပါတယ်။
စစ်ကောင်စီက ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ လစဥ် လစာရဲ့ ၂၅ ရာခိုင်နူန်း ဖြစ်စေ အများဆုံး သုံးလစာရဲ့ ၂၅ ရာခိုင်နှုန်းဖြစ်စေ လွှဲပို့ရမယ်ဆိုပြီး သြဂုတ်လကုန်ပိုင်းက ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၁ ရက်ကစပြီး ပြည်ပကို သွားရောက်မယ့် အလုပ်သမားတွေအနေနဲ့ သတ်မှတ်ထားတဲ့ နှုန်းအတိုင်း ငွေလွှဲပို့မယ့်အကြောင်း ဝန်ခံလက်မှတ်ကို အေဂျင်စီနဲ့ စာချုပ်ချုပ်ချိန်မှာ လက်မှတ်ရေးထိုးခိုင်းထားတယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေထံက သိရပါတယ်။
အမည်မဖော်လိုတဲ့ အေဂျင်စီလုပ်ငန်းရှင်တဦးက "ကိုယ်တွေကိုလည်း လွှတ်လိုက်တဲ့ အလုပ်သမား ပုံမှန် ငွေလွှဲအောင် တာဝန်ယူခိုင်းတာမျိုးတွေနဲ့ ဖိအားပေးခံထားရတယ်။ အေဂျင်စီတွေပါ အကြပ်ရိုက်တာပေါ့"လို့ ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ပြည်ပရောက် အလုပ်သမားတွေရဲ့ ငွေလွှဲပို့ငွေကနေ ရရှိမယ့် နိုင်ငံခြားငွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ ဝယ်ဖို့၊ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်တဲ့ လေယာဥ်ဆီဝယ်ရာမှာအသုံးပြုဖို့ အဓိကရည်ရွယ်စီစဥ်တာဖြစ်တယ်လို့ NUG အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်ပမှာ မြန်မာလုပ်သား နှစ်သန်းကျော်ရှိနေတာဖြစ်ပြီး အလုပ်သမားအများစုက ဘဏ်ကနေ ငွေလွှဲဖို့ ဆန္ဒမရှိဘဲ တခြားအဆင်ပြေရာနည်းလမ်းတွေနဲ့ မိသာစုထံလွှဲပို့ နေကြတာလို့လည်း အလုပ်သမားတွေထံက သိရပါတယ်။