DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ စမ်းသပ်နေသည့် အီလက်ထရောနစ် မဲပေးစက် ဝါဒဖြန့်ရုံသက်သက်ဖြစ်ဟု သုံးသပ်
DVB
·
September 7, 2023
စစ်ကောင်စီ စမ်းသပ်နေသည့် အီလက်ထရောနစ် မဲပေးစက် ဝါဒဖြန့်ရုံသက်သက်ဖြစ်ဟု သုံးသပ်
Donate to DVB

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဟာ အီလက်ထရောနစ် မဲပေးစက်တွေကို စမ်းသပ်တဲ့အနေနဲ့ နိုင်ငံရေးပါတီတွေကို စတင် မိတ်ဆက်ပေးနေပြီး ဒီမဲပေးစက်တွေက နိုင်ငံရေးအရ  ဝါဒဖြန့်ရုံသက်သက်ပဲလို့  နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပါတယ်။

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ဟာ စက်တင်ဘာ ၅ ရက်နေ့က မီဒီယာတွေနဲ့ ကော်မရှင်ထံ မှတ်ပုံတင်ခွင့်ရပြီးသား နိုင်ငံရေးပါတီ ၃၆ ပါတီက တာဝန်ရှိသူတွေကိုဖိတ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝင်းထဲမှာ စမ်းသပ်မဲပေး၊ သရုပ်ပြတာတွေကို လုပ်ခဲ့ပါတယ်။

Myanmar Electronic Voting Machine (MEVM) လို့ သူတို့ နာမည်ပေးထားတဲ့ ဒီစက်တွေဟာ Wireless စနစ်နဲ့မဟုတ်လို့ လုံခြုံကြောင်းနဲ့ စိတ်ချရတယ်လို့ ကော်မရှင်က  ပြောဆိုခဲ့ပါတယ်။

အဲဒီမဲပေးစက် မိတ်ဆက်ပွဲကိုတက်ရောက်ခဲ့တဲ့ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO) က ဦးစောခွန်ကျော်ဝင်းကတော့ မဲရုံမှူးတွေအပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ပြောပါတယ်။

“မဲပေးတဲ့စာရွက် ထွက်လာတယ်။ ပြီးတော့ စာရွက်မှာလည်း ဘယ်သူ့ကို မဲပေးလဲ ပါတာပေါ့နော်။ မဲရုံမှူးတွေက မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင် မဲမသမာမှု မရှိလောက်ဘူး။ ဒါပေမဲ့ မဲရုံမှူးက ထွက်လာတဲ့ဟာကို နောက်ထပ်တစ်ခုနဲ့ အစားထိုးမယ် အဲဒီလိုလုပ်လို့ရတယ်။ နားမလည်တဲ့သူတွေကြားမှာ လုပ်မယ်ဆိုရင်တော့ ဒါရနိုင်တယ်ပေါ့နော်။ ပညာတတ်တို့၊ နားလည်တဲ့ အသိုင်းအဝိုင်းမှာတော့ မဲမသမာမှုလုပ်ဖို့ ခက်ခဲပါတယ်”

လာမယ့် ၂၀၂၄ ခုနှစ်ထဲမှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူပြီး ရွေးကောက်ပွဲ ကျင်းပမယ်လို့ စစ်ခေါင်းဆောင်က ပြောလိုက်ပြီးတဲ့နောက် အခုလို မဲပေးစက်ကို မိတ်ဆက်လာတာပါ။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မဲပေးစက်တွေကို တချို့နေရာတွေမှာပဲ အစားထိုး အသုံးပြုသွားမှာဖြစ်ပြီး အရင်အတိုင်း စာရွက်နဲ့မဲပေးရတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ပုံမှန် စာရွက်နဲ့ မဲပေးတဲ့စနစ်ကို အသုံးပြုချိန်ကတောင်မှ အခက်အခဲတွေ ကြုံတွေ့ခဲ့တာကြောင့် မဲပေးစက်အစားထိုး အသုံးပြုဖို့ဆိုတာ မကွယ်ကူဘူးလို့ Generation Wave အဖွဲ့က ကိုမိုဃ်းသွေးက သုံးသပ်ပါတယ်။

“လူတွေနဲ့ကြည့်ပြီး မဲပေးတယ်။ မဲရေတွက်ကြတယ်။ ဒီလိုအခြေအနေတောင်မှ ရှုပ်ထွေးတဲ့ တိုင်းပြည်မှာ စက်ပစ္စည်းပေးလိုက်ပြီး လုပ်မယ့်ကိစ္စကတော့ ပိုပြီးခက်ခဲလိမ့်မယ်လို့ ထင်ပါတယ်။”

၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီက  မဲအပြတ်အသတ်နဲ့ အနိုင်ရအပြီးမှာ မဲစာရင်း မှားယွင်းတာတွေ ရှိတယ်လို့ စွပ်စွဲပြီး အာဏာသိမ်းလိုက်တဲ့ စစ်တပ်က အီလက်ထရောနစ် မဲပေးစက်ကို ချပြလာတာ ဖြစ်ပြီး မဲစာရင်းတွေ ဘယ်လောက်အထိ မှန်ကန်မယ်ဆိုတာကိုတော့ အာမခံချက် မပေးသေးပါဘူး။

စစ်ကောင်စီက အခုလိုမျိုးတွေပြုလုပ်လာတာဟာ ရွေးကောက်ပွဲကိုအကြောင်းပြပြီး နိုင်ငံရေးအရ ထွက်ပေါက်ရှာတာ ဖြစ်တယ်လို့  နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က သုံးသပ်ပါတယ်။

“ဒီစက်တွေသည် တကယ်ကျတော့ အလုပ်လည်း ဖြစ်မှာမဟုတ်ဘူး။ အခုချက်ချင်းလည်း ဆောင်ရွက်မှာမဟုတ်ဘူး။ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ တိတိကျကျ သတင်းထုတ်ပြန်ထားတာလည်း မရှိဘူး။ ရွေးကောက်ပွဲဆိုတာ ချက်ချင်း လုပ်လို့မရဘူးလေ။ ရွေးကောက်ပွဲ  မတိုင်ခင်မှာ မဲဆွယ်ရေးတွေရှိတယ်။ အဲဒီအတွက်လည်း အချိန်တွေ ပေးရမှာ။”

စစ်ကောင်စီက မဲစာရင်းအကြောင်းပြ အာဏာသိမ်းခဲ့တာဖြစ်တာကြောင့် သူတို့စိတ်ကြိုက် ရွေးထားတဲ့ ကော်မရှင်ကနေတဆင့် သူတို့လုပ်စရာရှိတာကို အတင်းလုပ်ပြနေတဲ့ ပုံစံမျိုးသာ ဖြစ်တယ်လို့ CRPH ကော်မတီဝင် လွှတ်တော်အမတ် ဦးစည်သူမောင်ကလည်း ပြောပါတယ်။

စစ်ကောင်စီဘက်က ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို အတည်မပြုနိုင်သေးပေမမဲ့ သန်းခေါင်းစာရင်းကောက်အပြီး ၂၀၂၅ ခုနှစ်မှာ ပြုလုပ်နိုင်ဖွယ်ရှိတယ်လို့ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင် တယောက်က AFP သတင်းဌာနကို ဖြေဆိုထားပါတယ်။

စစ်ကောင်စီ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှုရှိမှာ မဟုတ်သလို အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ အမေရိကန် အပါအဝင် နိုင်ငံတကာက သတ်မှတ်ထားသလို တော်လှန်ရေး အင်အားစုတွေနဲ့  အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကလည်း  စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင် ကန့်ကွက်ထားပါတယ်။

စိုးသူအောင်

 Photo-UEC

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013