DVB Logo
Home
မြန်မာသတင်း
နေပြည်တော်၌ ကျင်းပမည့် အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံကို ဖျက်သိမ်းရန် CRPH တိုက်တွန်း
DVB
·
September 7, 2023
နေပြည်တော်၌ ကျင်းပမည့် အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံကို ဖျက်သိမ်းရန် CRPH တိုက်တွန်း
Donate to DVB

အကြမ်းဖက်စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ လေတပ်ကာကွယ်ရေးဦးစီးချုပ်များညီလာခံမှာ ပါဝင်မတက်ရောက်ဘဲ ညီလာခံကို ဖျက်သိမ်းဖို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က တောင်းဆို တိုက်တွန်းလိုက်ပါတယ်။

အဆိုပါညီလာခံကိုတော့ လာမယ့် စက်တင်ဘာ ၁၂ ရက်ကနေ ၁၅ ရက်နေ့အထိ နေပြည်တော်မှာ စစ်ကောင်စီက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံ တွေက လေတပ်ဦးစီးချုပ်တွေ၊ ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ ရှိနေတာပါ။

လက်ရှိမှာတော့ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ကောင်စီက နိုင်ငံတော် အာဏာကို ချုပ်ကိုင်နိုင်ရေးအတွက်  နိုင်ငံတဝန်း ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် စစ်ရာဇဝတ်မှုတွေ၊ လူမဆန်တဲ့ သတ်ဖြတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ အကြမ်းဖက်မှုပုံစံအမျိုးမျိုးကို ပြည်သူတွေအပေါ် တိုးမြှင့်ကျူးလွန်နေတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဒီလိုအခြေအနေအချိန်အခါမှာ အဆိုပါညီလာခံကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ပါဝင်တက်ရောက်တာက တရားမဝင်စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ် တိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်တာကို အားပေးရာရောက်တာကြောင့် ညီလာခံပါဝင် တက်ရောက်တာကို ဖျက်သိမ်းပေးဖို့ မြန်မာပြည်သူတွေကိုယ်စား CRPH က အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကို လေးလေးနက်နက် တိုက်တွန်းလိုက်တာလို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကတည်းက လတ်တလော အချိန်ထိ အ ကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူ ၄,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ပြည်သူ့နေအိမ် ၈၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကာ နိုင်ငံတဝန်း နေ့စဉ်တိုးမြှင့်လုပ်ဆောင်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် ပြည်သူ ၂ သန်းကျော် နေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး နိုင်ငံတွင်း စီးပွားရေး ချွတ်ခြုံကျမှုတွေကြောင့် ပြည်သူ ၁၈ သန်းကျော်ဟာ လူသားချင်း စာထောက်ထားမှု အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

ဥပဒေမဲ့ စစ်အာဏာသိမ်းမှုအပါအဝင် စစ်ကောင်စီက ကျူးလွန်နေတဲ့ အကြမ်းဖက်မှု တွေနဲ့ သတ်ဖြတ်မှုတွေအမြန်ဆုံး အဆုံးသတ်နိုင်ရေးဟာ မြန်မာပြည်သူတွေအတွက် အရေးတကြီး လိုအပ်နေတာ ဖြစ်ပါတယ်။ 

ဒါကြောင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို လုံးဝရပ်တန့်ပေးဖို့လည်း CRPH က ထပ်လောင်းတောင်းဆိုထားပါတယ်။ 

ခုလိုဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအပေါ် အလွန်အကျိုးသက်ရောက်နေတဲ့ မြန်မာနိုင်ငံ အရေးကိစ္စအပါအဝင် တခြားစိန်ခေါ်မှုများစွာကို ရင်ဆိုင်ကြုံတွေ့နေရချိန်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေအနေနဲ့ အာဆီယံ ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်တွေ၊  နိုင်ငံတကာဥပဒေတွေနဲ့ လူ့အခွင့်အရေးစံနှုန်းတွေကို လေးစားလိုက်နာပြီးတော့ အာဆီယံ အသိုက်အဝန်းရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းကာ အာဆီယံဒေသတွင်း ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးထည့်သွင်းစဉ်းစားပြီး မိတ်ဆွေကောင်းပီသမှုကို ပြသဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်အာဏာသိမ်း ၂ နှစ်ခွဲကျော်ကာလအတွင်း စစ်ကောင်စီလေတပ်က တိုက်လေယာဉ်တွေဟာ   စေတီပုထိုးတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ခရိယာန်ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံနဲ့ ဆေးပေးခန်းတွေ၊ လူနေအိမ်တွေကို  အကြိမ်ပေါင်း ၁၄၀၀ ကျော်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ NUG ကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013