DVB Logo
Home
မြန်မာသတင်း
ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရ
DVB
·
September 7, 2023
ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရ
Donate to DVB

ဓာတ်ပုံ သတင်းထောက် ကိုစိုင်းဇော်သိုက်ကို  စစ်ကောင်စီက  စက်တင်ဘာ ၆ ရက်မှာ အင်းစိန်ထောင်တွင်း တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်တယ်လို့ သူ့ရဲ့သတင်းဌာနဖြစ်တဲ့ Myanmar Now သတင်းဌာနက ထုတ်ပြန်ပါတယ်။

အခုလို ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရတဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ဟာ  စစ်အာဏာသိမ်းပြီးနောက် သတင်းရယူရင်း ဖမ်းဆီးထောင်ချခံရတဲ့ သတင်းသမားတွေထဲမှာ အမြင့်ဆုံး ထောင်ဒဏ်ချမှတ်ခံရသူဖြစ်တယ်လို့ ဖမ်းဆီးထိန်းသိမ်းခံ သတင်းသမားတွေရဲ့ အချက်အလက်နဲ့ ပတ်သက်ပြီး ဒီဗွီဘီက စုဆောင်းထားတဲ့ စာရင်းအရ အသိရပါတယ်။ 

ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ဟာ မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်မှာ သွားရောက်သတင်းယူစဥ် မေလ ၂၃ ရက်က စစ်တွေမြို့မှာ ဖမ်းဆီးခံရပြီးနောက် ရက်ပေါင်း ၁၀၆ ရက် အကြာမှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုစိုင်းဇော်သိုက်ကို စွပ်စွဲထားတဲ့ ပုဒ်မတွေနဲ့ ပတ်သက်လို့ အသေးစိတ်ကို မသိသေးပါဘူး။  Myanmar Now  သတင်းမှာတော့  ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ ၊ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ - က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄ တို့ပါဝင်တဲ့ ပုဒ်မ ၄ ခုနဲ့ တရားစွဲထားတာလို့   ဖော်ပြထားပါတယ်။

Myanmar Now သတင်းထောက် မကေဇွန်နွေးဟာလည်း ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမှာ ဆန္ဒပြပွဲသတင်းယူနေစဥ် ၂၀၂၁ ဖေဖော်ဝါရီလတွင် ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅ - က နဲ့ တရားစွဲဆိုခံရကာ အင်းစိန်ထောင်မှာ ၄ လကျော်ကြာ ဖမ်းဆီးခံရပြီးနောက် ၂၀၂၁ ဇွန်လက ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ သတင်းသမားပေါင်း ၁၇၀ ကျော်ကို ဖမ်းဆီးထောင်ချခဲ့ပြီး ဒီဗွီဘီ အပါအဝင် သတင်းဌာန ၁၄ ခုကိုလည်း ထုတ်ဝေခွင့်လိုင်စင်တွေ ပိတ်သိမ်းခဲ့ပါတယ်။ 

လက်ရှိအချိန်ထိ နိုင်ငံတဝန်းရှိ  အကျဥ်းထောင်အသီးသီးမှာ သတင်းသမား အယောက် ၅၀ ကျော်ကို ဆက်လက်ဖမ်းဆီး ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ သေဆုံးသွားတဲ့ ဓာတ်ပုံဆရာ ၂ ဦးနဲ့ တိုက်ပွဲအတွင်း သေဆုံးခဲ့ရတဲ့ သတင်းထောက် ၂ ဦးရှိတာကြောင့် မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် စစ်တပ်ကြောင့် သေဆုံးသွားရတဲ့ သတင်းထောက် ၄ ဦးရှိပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံးကျဆင်းနေတာ ဖြစ်ပါတယ်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) ရဲ့  ၂၀၂၃ ခုနှစ် မေလထုတ် သတင်းမီဒီယာလွတ်လပ် ခွင့် အညွန်းကိန်းအရ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၃ မှာရှိနေပြီး သတင်းမီဒီယာလွတ်လပ်ခွင့် အဆိုးဆုံး ၁၀ နိုင်ငံစာရင်းမှာ ပါဝင်နေပါတယ်။

Photo- Myanmar Now/ Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013