
ကချင်ပြည်နယ်၊ ရွှေကူမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ စက်တင်ဘာ ၆ ရက်မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး လူ ၁၀ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းနဲ့ ဗုံးနှစ်ကြိမ် ကြဲချခဲ့တဲ့အတွက် အရပ်သားတယောက် အပါအဝင် ဝန်ထမ်း ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိသွားတာပါ။
ထွေအုပ်ရုံးနဲ့နီးစပ်သူ ဒေသခံတစ်ဦးက “မနက် ၁၁ နာရီလောက်က တစ်ကြိမ်၊ ၁၁ နာရီ ၄၅ လောက်က တစ်ကြိမ်၊ စုစုပေါင်း ၂ ကြိမ် ဒရုန်းနဲ့ နှစ်ကြိမ် ဗုံးကြဲခံရတယ်။ အစည်းအဝေး လုပ်ပြီးခါစအချိန် အစည်းအဝေးခန်းမပေါ်ကို ကြဲတာ။ ဗုံးက ခန်းမထဲ မကျဘဲ သွပ်ကိုဖောက်ပြီး မျက်နှာကြက်မှာတင် ပေါက်ကွဲသွားတာ။ အထဲသာ ကျခဲ့ရင် အလောင်းတွေ တန်းစီနေမယ်။ ခုက အရပ်သား မိန်းကလေးတစ်ဦးနဲ့ ဝန်ထမ်း ၁၀ ဦးလောက် ဒဏ်ရာရသွားတာ” လို့ ပြောပါတယ်။
ဒရုန်းနဲ့ ဗုံးကြဲခံခဲ့ရတဲ့အတွက် ထောက်ခံစာ လာယူတဲ့ အမျိုးသမီးတယောက် အပါအဝင် ထွေအုပ်ဝန်ထမ်း ၁၀ ဦးထက်မနည်းဟာ ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် ရွှေကူပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး နေ့လယ် ၁၂ နာရီခလောက်မှာတော့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်ကလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ ရွှေကူ မြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။











