DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကို အာဆီယံက အပြစ်ပေးအရေးယူရန် NUG မျှော်လင့်
DVB
·
September 6, 2023
စစ်ကောင်စီကို အာဆီယံက အပြစ်ပေးအရေးယူရန် NUG မျှော်လင့်
Donate to DVB

မြန်မာ့ရေးဆိုင်ရာ ဘုံသဘောတူညီချက် ၅  ရပ်ကို အကောင်အထည် မဖော်နိုင်ရင် စစ်ကောင်စီကို အပြစ်ပေးအရေးယူနိုင်ရေး အာဆီယံထိပ်သီးအစည်းအဝေးကနေ ဆုံးဖြတ်ချက်ချနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က မျှော်လင့်နေပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး၊ ဆွေးနွေးဖက်နိုင်ငံခေါင်းဆောင်တွေနဲ့ ထိပ်သီးအစည်းအဝေးနဲ့ တခြား ဆက်စပ်အစည်းအဝေးတွေကို စက်တင်ဘာ ၄ ရက်ကနေ ၇ ရက်အထိ အာဆီယံအလှည့်ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် နောက်ဆုံးအကြိမ် လက်ခံကျင်းပနေတာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ  မြန်မာနိုင်ငံကို ကိုယ်စားပြုသူတွေအဖြစ် အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်ရော၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်ပါ ပါဝင် တက်ခွင့်မရပေမဲ့  မြန်မာ့ အရေးကိစ္စရပ်တွေ အထူးဖြင့် ဘုံသဘောတူညီချက် ၅  ရပ်ကို အကောင်အထည်ဖော်ရေး နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ ဂျိုကိုဝီဒိုဒိုကတော့  မြန်မာ့ပဋိပက္ခ ဖြေရှင်းရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအားလုံး သဘောတူညီထားတဲ့ ဘုံသဘောတူ ညီချက် ၅ ရပ်ကို လမ်းညွှန်ချက်အဖြစ် ဆက်လက်ကိုင်စွဲသွားမယ်လို့  မနေ့က ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ပြောပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကတော့ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅  ရပ်ကို ချက်ချင်း အကောင်အထည် မဖော်နိုင်ရင်တောင် အချိန်တခု သတ်မှတ်ပေးတဲ့ တိကျတဲ့ဆုံးဖြတ်ချက်မျိုးချမှတ်နိုင်ဖို့  မျှော်လင့်တယ်လို့  NUG- သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇောက ပြောပါတယ်။

“တကယ်လို့ အကောင်အထည်မဖော်နိုင်ဘူးဆိုရင် အပြစ်ပေးအရေးယူတာမျိုးထားဖို့ဆိုတာ တစိုက်မတ်မတ်ပြောလာတာရှိပါတယ်။ အာဆီယံ ဘုံသဘောတူညီချက် ၅  ရပ်ကို။ အဲဒီအတွက်လည်း ထိပ်သီးအစည်းအဝေးကနေ ဆုံးဖြတ်ချက် ချနိုင်ဖို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်။ ဒါဖြစ်ဖို့လည်း ကျနော်တို့ တိုက်တွန်းတောင်းဆိုပါတယ်။”

အာဆီယံ အနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ၂ နှစ်ကျော်ကာလအတွင်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာမရှိသေးတာကြောင့် စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို အရေးယူဖို့ပြောရတာလို့ဆိုပါတယ်။

အာဆီယံနိုင်ငံတွေကြားမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဖြေရှင်းဖို့ သဘောထားကွဲလွဲတာတွေ ရှိနေတယ်လို့လည်း လေ့လာသူတွေ သုံးသပ်ထားပါတယ်။

အာဆီယံအဖွဲ့အတွင်း တရုတ်လိုလားတဲ့အုပ်စုနဲ့ အနောက်ဘက်လိုလားတဲ့အုပ်စုဆိုပြီး ကွဲလွဲမှုတွေရှိနေတာကြောင့် အရေးယူရေး ဆုံးဖြတ်ချက်ကျဖို့ဆိုတာ မလွယ်ကူကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“ဒီထက်လွန်သွားရင်တော့ အာဆီယံရဲ့သဘောထားဟာ လာအိုနိုင်ငံရဲ့ ခေါင်းဆောင်မှုအောက်မှာ  အာဆီယံဆုံးဖြတ်ချက်တွေ အကောင်အထည်ဖော်ရေးအတွက် ထိရောက်တဲ့အရေးယူမှုတွေ ဖြစ်လာနိုင်စရာသိပ်မရှိတော့ဘူးလို့ပြောတာဖြစ်ပါတယ်။ အာဆီယံကိုတော့ သိပ်အားကိုးလို့ မရတော့ဘူးထင်လို့ ဒီအစည်းအဝေးကြီးဟာ တစ်စုံတစ်ရာအခိုင်အမာအရေးယူဖို့အတွက် နောက်ဆုံးအခွင့်အလမ်းပဲလို့ ကျနော်ထင်တဲ့အကြောင်း ပြောတာပါ။”

အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ရေး အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေကြောင်းနဲ့  စစ်ကောင်စီကို ပိုပြီးပြင်းပြင်းထန်ထန်အရေးယူဖို့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးကလည်း စက်တင်ဘာ ၄ ရက်နေ့က သတင်းထောက်တွေကို ပြောပါတယ်။

လာအိုနိုင်ငံသာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာခဲ့ရင်လည်း ကျန်တဲ့အာဆီယံနိုင်ငံတွေရဲ့ သဘောထားတွေကို အလေးထားရမှာဖြစ်ကြောင်း  တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပြောပါတယ်။

“ဗမာပြည်အရေးက ကျမတို့ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမှာ။ အာဆီယံတို့ ဘာတို့လည်း သိပ် အားကိုးစရာမရှိပါဘူး။ သူတို့ အကြံပေးတာတို့၊ တိုက်တွန်းတာတို့ အဲ့လိုဟာမျိုးပဲဖြစ်မယ်လေ။ တကယ့်အရေးယူတာတို့ ပိတ်ဆို့တာတို့ လုပ်မယ် မထင်ဘူး။ ကျမကြည့်တာတော့ သူတို့တွေ အာဆီယံမှာ ခေါင်းဆောင်တွေမဖိတ်တာ၊ အဲ့လိုဟာမျိုးတွေနဲ့ကျေနပ်ရမှာပဲ။ ကျန်တာ ကျမတို့ ကိုယ့်အလုပ်ကိုဆက်လုပ်ဖို့ပဲ”လို့ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

အာဆီယံဘုံသဘောတူညီချက် ၅  ချက်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က အာဆီယံထိပ်သီး ခေါင်းဆောင်တွေ အရှေ့မှာသဘောတူထားတာ ဖြစ်ပါတယ်။

အဲဒီ ၅ ချက်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လွှတ်ဖို့၊ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ဆိုင်းဖို့၊ လူသားချင်းစာနာမှုအကူအညီပေးဖို့၊ သက်ဆိုင်ရာအဖွဲ့တွေ တွေ့ဆုံဆွေးနွေးဖို့နဲ့ အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံဆီစေလွှ တ်ဖို့အချက်တွေ ပါဝင်ပါတယ်။

လက်ရှိမှာတော့ ဒီဘုံသဘောတူညီချက်တွေကို  လိုက်နာ အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ စစ်ခေါင်းဆောင်တွေကို တက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။ 

စိုးသူအောင်

Photo-ASEAN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013