
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ စိတ္တသုခ ကမ္မဋ္ဌာန်းဘုန်းကြီးကျောင်းမှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့ အမျိုးသား ၆ ယောက်ကို စစ်တပ်က ဖမ်းဆီးရိုက်နှက်မှုကြောင့် အမျိုးသားတယောက် သေဆုံးသွားတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။
မေ ၉ ရက် ည ၉ နာရီခန့်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး စစ်တွေမြို့ရှိ စစ်ဘေးရှောင်တွေ နေထိုင်ကြတဲ့ စိတ္တသုခ ကမ္မဋ္ဌာန်းဘုန်းကြီးကျောင်း၊ တပ်ဦးကျောင်း၊ မိုးကုတ်ကျောင်းနဲ့ သရက်တောကျောင်းတွေကို ဧည့်စာရင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် စစ်ရှောင်အမျိုးသား ၆ ယောက်ကို အထောက်အထား မပြည့်စုံလို့ဆိုပြီး စစ်တပ်က ရိုက်နှက်ဖမ်းဆီးခဲ့တာလို့ စစ်တွေမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“စစ်တပ်က အခုလပိုင်းမှာ ဧည့်စာရင်းစစ်ဆေးတာတွေကို အတော်လေးကို တင်းတင်းကျပ်ကျပ် လုပ်လာတယ်။ အထူးသဖြင့် စစ်ရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းတွေဆို အတော်လေးကို သူတို့ တင်းတင်းကျပ်ကျပ် စစ်တာ။ ဧည့်စာရင်းမတိုင်ထားတာတို့ဖြစ်ဖြစ် အထောက်အထား မပြနိုင်ရင် AA ဆိုပြီးတော့ ရိုက်နှက်ဖမ်းဆီးတာ။ လွန်ခဲ့တဲ့ ၃ ရက်လောက်ကလည်း စစ်ရှောင်အမျိုးသားတဦး ဖမ်းဆီးခံရစဉ်မှာပဲ ရိုက်နှက်ခံလို့ သေဆုံးသွားတယ်လို့ သိရတယ်။”
စစ်တပ်ရဲ့ ရိုက်နှက်မှုကြောင့် သေဆုံးသွားသူမှာ ကိုအောင်အောင်ဖြစ်ပြီး သူနဲ့အတူ ဦးကျော်သန်းလှိုင်၊ ကိုအေးကျော်၊ ကိုမြထွန်းနဲ့ တခြားအမျိုးသား ၂ ယောက်လည်း ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေဟာ ညအချိန်တွေမှာ စစ်တွေမြို့ရှိ စစ်ဘေးရှောင်စခန်းတွေနဲ့ ဒုက္ခသည်စခန်းတွေကို ဧည့်စာရင်းအကြောင်းပြပြီး နေ့တိုင်း ဝင်ရောက်စစ်ဆေးနေပြီး စခန်းတာဝန်ခံတချို့ကိုလည်း ဖမ်းဆီးတာမျိုးတွေ ပြုလုပ်သလို သူတို့ရဲ့ ဖုန်းတွေကိုလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ သတင်းဌာနတွေကို ပြောတယ်ဆိုပြီး သိမ်းဆည်းတာမျိုးတွေ ပြုလုပ်လာနေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁ ရက်ကလည်း စစ်တွေမြို့နယ်၊ မှော်သိညှာ ကယ်ဆယ်ရေးစခန်းက မွတ်စလင် အမျိုးသမီး ၃ ယောက်ကို အထောက်အထားမရှိလို့ဆိုပြီး စစ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်တွေမြို့နယ်မှာ ဧပြီလအတွင်းကလည်း ဧည့်စာရင်း အကြောင်းပြုပြီး စစ်တပ်က ဒေသခံ ရခိုင်နဲ့ မွတ်စလင်လူမျိုး ၈၀ နီးပါးကို ဖမ်းဆီးခဲ့ပြီး တချို့ကို ငွေညှစ်ကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့နယ်မှာ ၂၀၂၅ ခုနှစ်ကတည်းက အာရက္ခတပ်တော် (AA) နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အခုလပိုင်းအတွင်းမှာ တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။










