
ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာအနောက်ဘက် တောအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ရွာငံပြည်သူ့ကာကွယ်ရေးတပ် (YPDF) က စက်တင်ဘာ ၄ ရက် မနက် ၁၁ နာရီလောက်မှာ ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးကာ ၃ ဦးထက်မနည်း ဒဏ်ရာရှိသွားတယ်လို့ YPDF နဲ့ ပူးတွဲစစ်ရေးလှုပ်ရှားနေတဲ့ မှော်ဘုရင်စစ်ကြောင်းမှူးက ဒီဗွီဘီကို ပြောပါတယ်။
“တိုက်ပွဲတွင်း အလောင်းတွေ စစ်ကောင်စီက ပြန်သယ်သွားတယ်။ ရွာငံဆေးရုံမှာက ပင်းတယက ရဲအုပ်ကြီးကို သင်္ဂြိုဟ်ခဲ့တယ်။ ပေါင်ထိမှန်တဲ့ ရဲတယောက်ကို အောင်ပန်း ခုတင် ၇၀၀ ကို ထပ်လွှဲတယ်လို့ နောက်ထပ် အတည်ပြုပြီးသိရတယ်။”
ဒေသခံ ပျူစောထီးတွေက စစ်ကောင်စီစစ်ကြောင်းကို လမ်းပြခေါ်ဆောင်လာတာဖြစ်ပြီး စစ်ကြောင်းတခုကိုသာ ချုံခိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
နွားဘန်းကြီးကျေးရွာ ဒေသခံ အမျိုးသားတဦးက “ရွာထဲက စစ်ကောင်စီနဲ့ ပခုံးဖက်ပေါင်းနေတဲ့ ဒလန်ဆိုသူလည်း သတ်ခံရတယ်။ စစ်ကြောင်းတွေ ခဏခဏ တိုက်ခိုက်ခံရတာတွေ ရှိတယ်။ ရွာရဲ့ ဆေးပေးခန်းမှာလည်း စကစ က တပ်စွဲထားတော့ ရွာထဲမှာ စစ်ဖြစ်လာမှာ စိုးရိမ်တာပေါ့။ စစ်ဖြစ်လာရင် ကျနော်တို့ပဲ စစ်ရှောင်ပြေးနေရမှာ” လို့ ပြောပါတယ်။











