DVB Logo
Home
မြန်မာသတင်း
​ရှမ်းတောင်ထွက် ပဲပုပ် ဈေးနှုန်းမြင့်တက်
DVB
·
September 6, 2023
​ရှမ်းတောင်ထွက် ပဲပုပ် ဈေးနှုန်းမြင့်တက်
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်းဒေသက ထွက်တဲ့ ပဲပုပ်တွေကို ပြည်တွင်းစားသုံးမှု များပြားလာတာနဲ့ စိုက်ပျိုးဧကနည်းပြီး အထွက်နှုန်းနည်းလာတာကြောင့် ဈေးနှုန်းအမြင့်ဆုံး ရောက်နေတယ်လို့ ပဲရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။

မန္တလေးပွဲရုံဈေးနှုန်းအရ သြဂုတ်အစက ပဲပုပ်အမျိုးအစားလိုက်ပြီး ပဲပုပ်စေ့ ၃ တင်းဝင် (၅၃ ပိဿာ) တအိတ်ကို ကျပ် ၁၅၀,၀၀၀ မှ ကျပ် ၁၅၃,၀၀၀ အထိသာ စျေးရှိခဲ့ပေမဲ့ စက်တင်ဘာ ၅ ရက် စျေးနှုန်းအရ တအိတ်ကို ကျပ် ၁၇၆,၀၀၀ မှ ကျပ် ၁၈၀,၀၀၀ အထိ စျေးမြင့်တက်ခဲ့ပါတယ်။

မန္တလေးပွဲရုံပိုင်ရှင်တဦးက “တရုတ်က အဝယ်တော့ရှိတယ်၊ ဒါပေမဲ့ နည်းတာပေါ့။ ပြည်တွင်းက အရမ်းဝယ်လိုအားများတာကြောင့် ဈေးကောင်းလာတာပါ။ ရန်ကုန်က ဒီရက်ပိုင်း အဆွဲများလာတာကြောင့်နဲ့လည်း ဆိုင်မယ်ထင်တယ်။ တလအတွင်း တတင်းကို နှစ်သောင်းကနေ  သုံးသောင်းအထိလောက်ကို တက်လာတာ။ လတ်တလောအနေနဲ့ ကျဖို့ မမြင်ပါဘူး၊ ထပ်တက်ဖို့ပဲ ရှိတာပါ။ ဒီပဲပုပ်စျေးကလည်း အမြင့်ဆုံးစျေးပါ” လို့ ပြောပါတယ်။

မြေသြဇာ၊ ပိုးသတ်ဆေး၊ လုပ်အားခ အပါအဝင် စိုက်ပျိုးရေးသွင်းအားစုစရိတ်တွေ မြင့်တက်လာမှုကြောင့် တောင်သူတွေ ပဲပုပ်စိုက်ပျိုးမှု လျော့နည်းလာပြီး အထွက်နှုန်း ကျဆင်းလာတာလို့ ရှမ်းတောင်သီးနှံစျေးကွက်လေ့လာသူတဦးက ပြောပါတယ်။

“ရာသီဥတု၊ စစ်ပွဲတွေ၊ ငွေကြေးဂယက်တွေနဲ့ ရောဂါအခြေအနေ သက်ရောက်​မှုတွေကြောင့် ပဲပုပ်မှ မဟုတ်ဘူး၊ ရှမ်းတောင်မှာရှိ​တဲ့ စိုက်ပျိုးသီးနှံအားလုံး လျှော့စိုက်နေရတယ်။ စိုက်ပျိုးစရိတ်ကြီးတော့ လျှော့စိုက်ရတယ်၊ လျှော့စိုက်တော့ အထွက်နည်းပြီး ဈေးကောင်းသွားတယ်။ ဈေးတွေကောင်းတာ ဆိုတာကလည်း သွင်းအားစုစရိတ်​နဲ့ယှဥ်​ရင် ဘာမှ မပြောပလောက်ပါဘူး။ စျေးကောင်းပေမဲ့ တောင်သူတွေအတွက်တော့ အကျိုးမဖြစ်ထွန်းပါဘူး။”

ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ပဲပုပ်စိုက်ပျိုးမှုမှာ ၂၀၁၈-၁၉ ခုနှစ်က ဧက ၇၀,၄၀၉ ရှိ​ခဲ့ပေမဲ့ ၂၀၂၁-၂၂ ခုနှစ်မှာ ဧက ၅၂,၀၆၇ သာ စိုက်ပျိုးနိုင်တော့တယ်လို့ စိုက်ပျိုးရေးဦးစီးဌာန အချက်အလက်တွေအရ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းဟာ တနိုင်ငံလုံး ပဲပုပ်စိုက်ပျိုးမှုရဲ့ ၂၅ ရာခိုင်နှုန်းကျော်ရှိပြီး မိုးနဲ၊ တောင်ကြီး၊ လဲချား၊ ရွာငံနဲ့ ဆီဆိုင်တို့မှာ အများဆုံး စိုက်ပျိုးပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက ထွက်ရှိတဲ့ ပဲပုပ်ကို ရိုးရာအစားအသောက်၊ ပဲနို့ရည်၊ အသားတု၊ ပဲပုပ်ခြောက်၊ တို့ဟူးဆီ၊ မုန့်မျိုးစုံတို့မှာ အသုံးပြုကြသလို ရန်ကုန်နဲ့ မန္တလေးကို တင်ပို့ပြီး တခြားမြို့တွေရှိ ပဲပြားစက်ရုံတွေကိုလည်း တင်ပို့နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013